Google Play

Google Play ဝန်ဆောင်မှုစည်းမျဉ်းများ

၂၀၁၈ ခု ဖေဖော်ဝါရီ ၅ ရက်

၁။ နိဒါန်း

သက်ဆိုင်ရာ စည်းမျဉ်းများ။ Google Play ကို အသုံးပြုသည့်အတွက် ကျေးဇူးတင်ပါသည်။ Google Play သည် Google LLC ("Google""ကျွန်ုပ်တို့" သို့မဟုတ် "ကျွန်ုပ်တို့") ကပေးသည့် ဝန်ဆောင်မှုတစ်ခု ဖြစ်ပြီး 1600 Amphitheatre Parkway, Mountain View California 94043, USA တွင် တည်ရှိပါသည်။ Google Play နှင့် ၎င်းမှတစ်ဆင့် ရရှိနိုင်သည့် အက်ပ်များ (Android Instant Apps များ အပါအဝင်)၊ ဂိမ်း၊ တေးဂီတ၊ ရုပ်ရှင်၊ စာအုပ်၊ မဂ္ဂဇင်း သို့မဟုတ် အခြား ဒစ်ဂျစ်တယ် အကြောင်းအရာ သို့မဟုတ် ဝန်ဆောင်မှု ("အကြောင်းအရာ" ဟု ညွှန်းဆိုထားသည်) ကို အသုံးပြုရာတွင် Google Play ဝန်ဆောင်မှု စည်းမျဉ်းများနှင့် Google ဝန်ဆောင်မှု စည်းမျဉ်းများ ("Google ToS") (ခြုံငုံ၍ "စည်းမျဉ်းများ" ဟု ညွှန်းဆိုထားသည်) ကို လိုက်နာရပါမည်။ Google Play သည် Google ToS တွင် ဖော်ပြထားသည့်အတိုင်း "ဝန်ဆောင်မှု" တစ်ခု ဖြစ်ပါသည်။ Google Play ဝန်ဆောင်မှု စည်းမျဉ်းများနှင့် Google ToS အကြား အငြင်းပွားဖွယ်ရာများ ရှိလျှင် Google Play ဝန်ဆောင်မှု စည်းမျဉ်းများသည်သာလျှင် အတည်ဖြစ်သည်။

၂။ Google Play ကို အသုံးပြုခြင်း

အကြောင်းအရာကို ရယူ အသုံးပြုခြင်း။ သင်၏ မိုဘိုင်း၊ ကွန်ပျူတာ၊ တီဗီ၊ နာရီ သို့မဟုတ် အခြား ပံ့ပိုးပေးထားသည့် စက်ပစ္စည်း ("စက်ပစ္စည်း") အတွက် အကြောင်းအရာများကို ဖွင့်ရန်၊ ရှာဖွေရန်၊ ကြည့်ရန်၊ တိုက်ရိုက်လွှင့်ရန် သို့မဟုတ် ဒေါင်းလုဒ်လုပ်ရန် Google Play ကို အသုံးပြုနိုင်ပါသည်။ Google Play ကို အသုံးပြုနိုင်ရန် သက်ဆိုင်ရာ အကြောင်းအရာအတွက် လိုအပ်သည့် စနစ်နှင့် ကိုက်ညီမှုရှိသည့် စက်ပစ္စည်း၊ ကောင်းမွန်သည့် အင်တာနက်ချိတ်ဆက်မှုနှင့် ကိုက်ညီမှုရှိသည့် ဆော့ဖ်ဝဲ လိုအပ်ပါသည်။ ရရှိနိုင်သည့် အကြောင်းအရာနှင့် ဝန်ဆောင်မှုများသည် တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကွာခြားနိုင်ပြီး သင့်နိုင်ငံတွင် အကြောင်းအရာ သို့မဟုတ် ဝန်ဆောင်မှုများအားလုံး ရနိုင်မည် မဟုတ်ပေ။ အချို့အကြောင်းအရာများကို မိသားစုဝင်များနှင့် မျှဝေနိုင်ပါမည်။ အကြောင်းအရာများကို Google သို့မဟုတ် Google နှင့် ပေါင်းစည်းထားခြင်းမရှိသော ပြင်ပကုမ္ပဏီများက ပေးနိုင်ပါသည်။ Google သည် Google ပြင်ပရှိ အခြားအရင်းအမြစ်များမှနေ၍ Google Play အတွင်း ဝန်ဆောင်မှုပေးသည့် အကြောင်းအရာများအတွက် တာဝန်ယူခြင်း သို့မဟုတ် ထောက်ခံခြင်း မရှိပါ။

အသက် ကန့်သတ်ချက်များ။ Google Play ကို အသုံးပြုနိုင်ရန် အောက်ပါ အသက် ကန့်သတ်ချက်များ ကို လိုက်နာထားသည့် မှန်ကန်သော Google အကောင့် ("Google အကောင့်") တစ်ခု ရှိရပါမည်။ သင့်နိုင်ငံတွင် သင်သည် အသက်မပြည့်သေးသူဖြစ်လျှင် Google Play ကို အသုံးပြုရန်နှင့် စည်းမျဉ်းများကို လက်ခံရန် သင့်မိဘ သို့မဟုတ် တရားဝင် အုပ်ထိန်းသူ၏ ခွင့်ပြုချက် လိုအပ်ပါသည်။ Google Play ပေါ်တွင် အချို့သော အကြောင်းအရာ သို့မဟုတ် ဝန်ဆောင်မှုများကို အသုံးပြုရန်အတွက် သက်ဆိုင်ရာ နောက်ထပ် အသက်ကန့်သတ်ချက်များကိုလည်း လိုက်နာရပါမည်။ မိသားစု စီမံခန့်ခွဲသူများနှင့် မိသားစုဝင်များသည် ဤ နောက်ထပ် လိုအပ်ချက်များ နှင့်လည်း ကိုက်ညီမှုရှိရပါမည်။

ပြင်ပကုမ္ပဏီ ဝန်ဆောင်ခများ။ အကြောင်းအရာများနှင့် Google Play ကို အသုံးပြု ကြည့်ရှုရာတွင် ကျသင့်သော ပြင်ပကုမ္ပဏီ (သင်၏ အင်တာနက် ဝန်ဆောင်မှုပေးသူ သို့မဟုတ် မိုဘိုင်း ဝန်ဆောင်မှုပေးသူကဲ့သို့) အသုံးပြုခနှင့် ဒေတာခများအတွက် သင်တာဝန်ယူရပါမည်။

အပ်ဒိတ်များ။ Google Play၊ ပံ့ပိုးထားသည့် သက်ဆိုင်သော ဒစ်ဂျစ်တိုက်များ သို့မဟုတ် အကြောင်းအရာများကို အပ်ဒိတ်လုပ်ရန် လိုအပ်နိုင်ပါသည်။ ဥပမာ၊ ချွတ်ယွင်းချက် ပြင်ဆင်မှုများ၊ လုပ်ဆောင်ချက် တိုးမြှင့်မှုများ၊ ပလပ်အင် လိုအပ်မှုများနှင့် ဗားရှင်းအသစ်များ (အားလုံးခြုံငုံ၍ "အပ်ဒိတ်များ" ဟူ၍) အတွက် ဖြစ်သည်။ Google Play ကို အသုံးပြုရန် သို့မဟုတ် အကြောင်းအရာကို ဖွင့်ရန်၊ ဒေါင်းလုဒ်လုပ်ရန် သို့မဟုတ် အသုံးပြုရန်အတွက် ယင်းအပ်ဒိတ်များ လိုအပ်နိုင်ပါသည်။ ဤစည်းမျဉ်းများကို သဘောတူပြီး Google Play ကို အသုံးပြုခြင်းအားဖြင့် ယင်းအပ်ဒိတ်များကို အလိုအလျောက် လက်ခံရယူရန် သဘောတူရာ ရောက်ပါသည်။ Google Play ရှိ ဆက်တင်များထဲတွင် အချို့သော အကြောင်းအရာများအတွက် အပ်ဒိတ်များကို စီမံခန့်ခွဲနိုင်ပါသည်။ သို့သော်လည်း အပ်ဒိတ်သည် အကြောင်းအရာနှင့် ပတ်သက်၍ အရေးကြီးသည့် လုံခြုံရေး အားနည်းချက်များကို ပြင်ဆင်ရန် ဖြစ်ပါက Google Play သို့မဟုတ် သင့်စက်ပစ္စည်းအတွင်းရှိ အပ်ဒိတ်ဆက်တင်များ မည်သို့ပင် သတ်မှတ်ထားစေကာမူ အပ်ဒိတ်ကို ထည့်သွင်းသွားမည်ဖြစ်သည်။ Google Play မှနေ၍ ကနဦးဒေါင်းလုဒ်လုပ်ထားသော အက်ပ်ကို အခြားအက်ပ်စတိုးတစ်ခုက အပ်ဒိတ်လုပ်ရန် ကြိုးပမ်းလာသည့်အခါ သင်သည် သတိပေးချက် လက်ခံရရှိနိုင်သည် သို့မဟုတ် ၎င်းအပ်ဒိတ်ကို လုံးဝကာကွယ်ထားခြင်းများ ရှိနိုင်ပါသည်။

သင့်အကြောင်း အချက်အလက်များ။ Google ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ မူဝါဒများ သည် သင်၏ ကိုယ်ရေးကိုယ်တာ ဒေတာများကို မည်သို့ အသုံးပြုကြောင်းနှင့် Google Play ကို အသုံးပြုနေစဉ် သင့်ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှုကို မည်သို့ ကာကွယ်ပေးကြောင်း ရှင်းပြပေးပါသည်။ Google သည် သင်၏ ငွေလွှဲပြောင်းမှု လုပ်ဆောင်ချက်များ သို့မဟုတ် သင့်ကို အကြောင်းအရာများ ထောက်ပံ့ပေးရန် ရည်ရွယ်ချက်များအတွက် သင့်အမည်နှင့် အီးမေးလ်လိပ်စာ ကဲ့သို့သော ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ဝန်ဆောင်မှုပေးသူများအား ပေးရန် လိုအပ်နိုင်ပါသည်။ ဝန်ဆောင်မှုပေးသူများသည် ၎င်းတို့၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ မူဝါဒများအရ ဤအချက်အလက်များကို အသုံးပြုရန် သဘောတူပါသည်။

သင်သည် Google Play ပေါ်ရှိ မိသားစုအဖွဲ့တစ်ခု၏ အဖွဲ့ဝင်တစ်ယောက်ဖြစ်လျှင် မိသားစုအဖွဲ့အတွင်းရှိသူများသည် သင့်အကြောင်း အချို့သော အချက်အလက်များကို တွေ့မြင်နိုင်ပါမည်။ သင်သည် Google Play ပေါ်ရှိ မိသားစုအဖွဲ့တစ်ခု၏ စီမံခန့်ခွဲသူဖြစ်ပါက မိသားစုအဖွဲ့သို့ ပါဝင်ရန် သင်ဖိတ်ကြားထားသူများသည် သင့်အမည်၊ ဓာတ်ပုံနှင့် အီးမေးလ်လိပ်စာတို့ကို မြင်နိုင်ပါမည်။ မိသားစုအဖွဲ့သို့ မိသားစုဝင်တစ်ယောက်အဖြစ် ပါဝင်ထားလျှင် အခြားမိသားစုဝင်များသည် သင့်အမည်၊ ဓာတ်ပုံနှင့် အီးမေးလ်လိပ်စာတို့ကို မြင်နိုင်ပါမည်။ သင့်မိသားစု စီမံခန့်ခွဲသူသည် သင့်အသက်ကိုလည်း တွေ့မြင်နိုင်မည်ဖြစ်ပြီး သတ်မှတ်ထားသည့် မိသားစု ငွေပေးချေနည်းလမ်းကို အသုံးပြု၍ ဝယ်ယူထားသည့် အရာများ၏ မှတ်တမ်းအပြင် ဝယ်ယူထားသည့် အကြောင်းအရာ၏ ဖော်ပြချက်ကိုပါ မြင်ရပါမည်။ အကြောင်းအရာကို မိသားစုအတွင်း မျှဝေခွင့်ရှိပြီး သင်၏ မိသားစုအဖွဲ့နှင့် ၎င်းကို မျှဝေထားလျှင် မိသားစုဝင်အားလုံးသည် ၎င်းအကြောင်းအရာကို အသုံးပြုခွင့်ရှိ၍ သင်၎င်းကို ဝယ်ယူထားကြောင်း တွေ့မြင်ရပါမည်။

အကောင့်များကို ခွင့်ပြုချက်မရှိဘဲ အသုံးပြုခြင်း။ သင်၏ အကောင့်အသေးစိတ် အချက်အလက်များကို လုံခြုံစွာ ထားရှိရမည်ဖြစ်ပြီး အခြားသူထံသို့ မျှဝေခြင်း မပြုလုပ်ရပါ။ အကောင့်အမည်များ အပါအဝင် မည်သည့် Google Play အသုံးပြုသူ သို့မဟုတ် Google Play မှတစ်ဆင့် အခြား Google ဝန်ဆောင်မှုများသုံးသူ မည်သူမဆိုထံမှ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ရယူခြင်း သို့မဟုတ် စုဆောင်းခြင်း မပြုလုပ်ရပါ။

အပိတ်ခံထားရသည့် အကောင့်များ။ Google သည် စည်းမျဉ်းများ အရ (ဥပမာ၊ အကယ်၍ သင်သည် စည်းမျဉ်းများကို ဖောက်ဖျက်ခဲ့လျှင်) သင့်အကောင့် အသုံးပြုခွင့်ကို ပိတ်လိုက်လျှင် Google Play၊ သင့်အကောင့် အသေးစိတ် အချက်အလက်များ သို့မဟုတ် သင့်အကောင့်တွင် သိမ်းဆည်းထားသည့် မည်သည့် ဖိုင် သို့မဟုတ် အခြားမည်သည့် အကြောင်းအရာများကိုမဆို သင်အသုံးမပြုနိုင်တော့အောင် ပိတ်ပင်သွားနိုင်ပါသည်။ ထပ်မံသိရှိလိုပါက ကူညီရေးဌာန တွင် ကြည့်ပါ။ သင်သည် Google Play ပေါ်ရှိ မိသားစုတစ်ခု၏ မိသားစုစီမံခန့်ခွဲသူ တစ်ဦးဖြစ်ပြီး Google က သင့်အကောင့် အသုံးပြုခွင့်ကို ပိတ်လိုက်လျှင် သင့်မိသားစုဝင်များသည် မိသားစု ငွေပေးချေနည်းလမ်း၊ မိသားစု စာရင်းပေးသွင်းမှုများ သို့မဟုတ် မိသားစုဝင်များက မျှဝေထားသည့် အကြောင်းအရာများကဲ့သို့သော မိသားစုအဖွဲ့ဝင်ဖြစ်ရန် လိုအပ်သည့် ဝန်ဆောင်မှုများကို အသုံးပြုခွင့် ဆုံးရှုံးသွားပါမည်။ သင်သည် Google Play ပေါ်ရှိ မိသားစုတစ်ခု၏ မိသားစုဝင်တစ်ဦးဖြစ်ပြီး Google က သင့်အကောင့်ကို ပိတ်လိုက်လျှင် သင်မျှဝေထားသည့် အကြောင်းအရာများကို သင်၏ မိသားစုဝင်များသည် အသုံးပြုခွင့် ရှိတော့မည် မဟုတ်ပါ။

မဲလ်ဝဲ ကာကွယ်မှု။ အန္တရာယ်ရှိသည့် ပြင်ပဆော့ဖ်ဝဲများ၊ URL များနှင့် အခြား လုံခြုံရေး ပြဿနာများ၏ ဘေးမှ ကာကွယ်ပေးရန် Google သည် သင့်စက်ပစ္စည်း၏ ကွန်ရက် ချိတ်ဆက်မှုများ၊ အန္တရာယ်ရှိနိုင်သည့် URL များ၊ လည်ပတ်မှုစနစ်နှင့် Google Play သို့မဟုတ် အခြား အရင်းအမြစ်တစ်ခုမှ ထည့်သွင်းထားသည့် အက်ပ်များနှင့် ပတ်သက်သည့် အချက်အလက်များကို ရယူနိုင်ပါသည်။ အက်ပ် သို့မဟုတ် URL သည် စိတ်ချလုံခြုံရမှုမရှိဟု ယူဆပါက Google သည် သင့်ကို သတိပေးပါမည် သို့မဟုတ် ၎င်းသည် စက်ပစ္စည်း၊ ဒေတာ သို့မဟုတ် အသုံးပြုသူများအတွက် အန္တရာယ်ရှိနိုင်ပါက သင့်စက်ပစ္စည်းတွင် ထည့်သွင်းခြင်းမပြုနိုင်ရန် Google သည် ၎င်းကို ဖယ်ရှားခြင်း သို့မဟုတ် ပိတ်ဆို့ခြင်းများ ပြုလုပ်နိုင်ပါသည်။ အချို့သော ကာကွယ်မှုများကို သင့်စက်ပစ္စည်းအတွင်းရှိ ဆက်တင်ထဲတွင် ပိတ်နိုင်သော်လည်း Google သည် Google Play မှတစ်ဆင့် ထည့်သွင်းထားသည့် အက်ပ်များနှင့် ပတ်သက်၍ အချက်အလက်များ ဆက်လက်ရယူနိုင်ပြီး အခြားအရင်းအမြစ်များမှ သင့်စက်ပစ္စည်းအတွင်းသို့ ထည့်သွင်းထားသည့် အက်ပ်များကိုမူ Google သို့ အချက်အလက်များ ပို့ခြင်းမရှိဘဲ လုံခြုံရေး ကိစ္စရပ်များအတွက် ဆက်လက်၍ စိစစ်သွားမည်ဖြစ်သည်။

Android Instant Apps များ။ သင့်စက်ပစ္စည်းပေါ်တွင် လင့်ခ်တစ်ခုကို နှိပ်လိုက်သည့်အခါ သက်ဆိုင်ရာ အသင့်သုံးအက်ပ်ရှိမရှိ Google Play ကစစ်ဆေးပြီး ရှိပါက အသင့်သုံးအက်ပ်အတွင်းတွင် လင့်ခ်ကို ဖွင့်ပေးပါမည်။ သင်ဖွင့်သည့် အသင့်သုံးအက်ပ်၏ တစ်စိတ်တစ်ပိုင်းကို အသုံးပြုရန် လိုအပ်သည့် မည်သည့်ကုဒ်ကိုမဆို သင့်စက်ပစ္စည်းထဲသို့ ဒေါင်းလုဒ်လုပ်ပြီး ယာယီသိမ်းဆည်းသွားမည် ဖြစ်သည်။ အသင့်သုံးအက်ပ်အတွက် အက်ပ်အသေးစိတ် အချက်အလက်များကို Google Play စတိုးတွင် တွေ့နိုင်သည်။ Android Instant Apps ဒေတာများနှင့် ဆက်တင်များကို သင့် Google အကောင့်နှင့် လက်မှတ်ထိုးဝင်ထားသည့် စက်ပစ္စည်းများသို့ စင့်ခ်လုပ်သွားပါမည်။ သင့်စက်ပစ္စည်း၏ ဆက်တင်များထဲတွင် Android Instant Apps များကို ပိတ်နိုင်သည်။

ဤစည်းမျဉ်းကို ပြောင်းလဲခြင်း။ စည်းမျဉ်းများ ပြောင်းလဲမှုရှိပါက သင့်ကို အနည်းဆုံး ရက် ၃၀ ကြိုတင်အသိပေးထားမည်ဖြစ်ပြီး ၎င်းအချိန်ကာလ နောက်ပိုင်းတွင် စည်းမျဉ်းအသစ်များ သက်ရောက်မှု ရှိမည်ဖြစ်သည်။ ၎င်းအသိပေးမှု ကာလပြီးနောက် Google Play ကို ဆက်လက်အသုံးပြုခြင်းအားဖြင့် သင်သည် စည်းမျဉ်းအသစ်များကို သဘောတူညီရာ ရောက်ပါသည်။ စည်းမျဉ်းအသစ်များသည် အကြောင်းအရာများအားလုံး (ယခင်က သင်ထည့်သွင်းခဲ့သော သို့မဟုတ် ဝယ်ယူခဲ့သော အကြောင်းအရာများ အပါအဝင်) နှင့် နောက်ဆက်တွဲ ထည့်သွင်းမှုများ သို့မဟုတ် ဝယ်ယူမှုများအားလုံးသို့ သက်ရောက်မှု ရှိပါမည်။ ထိုအပြောင်းအလဲများကို သင်သဘောမတူပါက သင်ယခင်က ဝယ်ယူထားသော သို့မဟုတ် ထည့်သွင်းထားသော အကြောင်းအရာများကို ဒေါင်းလုဒ်လုပ်ခွင့် ရရှိမည်ဖြစ်ပြီး သင်၏ Google Play အသုံးပြုခွင့်ကို ရပ်ဆိုင်းလိုက်ပါမည်။ ၎င်းအကြောင်းအရာမိတ္တူကို သင့်စက်ပစ္စည်းများတွင် သင်လက်ခံထားသည့် နောက်ဆုံးစည်းမျဉ်းများအရ ဆက်လက်ကြည့်ရှုနိုင်ပါမည်။

၃။ ဝယ်ယူမှုများနှင့် ငွေပေးချေမှုများ

အခမဲ့ အကြောင်းအရာများ။ Google သည် Google Play ပေါ်ရှိ အခမဲ့ အကြောင်းအရာများကို ဒေါင်းလုဒ်လုပ်ရန်၊ ကြည့်ရန် သို့မဟုတ် အသုံးပြုရန် သင့်အား ခွင့်ပြုပေးနိုင်ပါသည်။ အချို့သော အခမဲ့ အကြောင်းအရာများကို အသုံးပြုရာတွင် နောက်ထပ် ကန့်သတ်ချက်များ ရှိနိုင်ပါသည်။

အကြောင်းအရာများကို ဝယ်ယူခြင်း။ Google Play ကို အသုံးပြု၍ အကြောင်းအရာများ ဝယ်ယူသည့်အခါ သို့မဟုတ် ၎င်းပေါ်ရှိ အကြောင်းအရာများကို ဝယ်ယူသည့်အခါ ဤစည်းမျဉ်းများ (သက်ဆိုင်မှုရှိလျှင်) အပေါ် အခြေခံ၍ ရောင်းသူနှင့် သီးခြားအရောင်းစာချုပ် ချုပ်ဆိုသွားမည်ဖြစ်ပြီး အောက်ပါတို့အနက်မှ တစ်ခုဖြစ်နိုင်ပါသည်−

(က) Google အိုင်ယာလန် လီမိတက်၊ သို့မဟုတ်

(ခ) အကြောင်းအရာ ဝန်ဆောင်မှုပေးသူ ("ဝန်ဆောင်မှုပေးသူ")၊ ဝန်ဆောင်မှုပေးသူ အတွက် Google အိုင်ယာလန် လီမိတက်က ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ပေးခြင်း အပါအဝင် ဖြစ်သည်။

သီးခြားအရောင်းစာချုပ်သည် ဤစည်းမျဉ်းများအပြင် ထပ်ဖြည့်ပေးထားခြင်းဖြစ်သည်။

ဝန်ဆောင်မှုပေးသူအတွက် Google က ကိုယ်စားလှယ်အဖြစ် ပြုလုပ်ပေးသည့် ရောင်းဝယ်မှုများအတွက် Google ToS "သည် ပြင်ပကုမ္ပဏီ အကျိုးခံစားခွင့်များ ပေးခြင်းမရှိ" ဟူသော Google ToS ထုတ်ပြန်ကြေညာချက်သည် သင်၏ Google Play အသုံးပြုမှုအပေါ် သက်ရောက်မှု မရှိပါ။

အကြောင်းအရာကို ဝယ်ယူမှုအတွက် Google မှနေ၍ အတည်ပြုအီးမေးလ် လက်ခံရရှိသည်နှင့် တစ်ပြိုင်နက် အကြောင်းအရာ ဝယ်ယူမှုနှင့် အသုံးပြုမှုအတွက် စာချုပ် ပြီးမြောက်သွားပြီး ဝယ်ယူမှု ပြီးမြောက်သည်နှင့် တစ်ပြိုင်နက် ဤစာချုပ်သည် စတင်အကျိုးသက်ရောက်မှု ရှိပါမည်။

ကြိုတင်မှာယူမှုများ။ အကြောင်းအရာတစ်ခုကို ကြိုတင်မှာယူမှု ပြုလုပ်ရာတွင် ၎င်းအကြောင်းအရာကို သင်ရရှိသည့်အခါ ဝယ်ယူမှုနှင့် အသုံးပြုမှု စာချုပ် ပြီးဆုံးသွားပြီး ထိုအချိန်တွင် ဝယ်ယူမှုအတွက် ငွေကောက်ခံသွားမည်ဖြစ်သည်။ အကြောင်းအရာကို သင်ရရှိနိုင်သည့် အချိန်အထိ သင်၏ ကြိုတင်မှာယူမှုကို အချိန်မရွေး ပယ်ဖျက်နိုင်ပါသည်။ အကြောင်းအရာကို ရရှိနိုင်ခြင်း မရှိမီ Google Play မှတစ်ဆင့် ယင်းကုန်ပစ္စည်းရောင်းချမှုကို ရုပ်သိမ်းလိုက်ပါက သင်၏ ကြိုတင်မှာယူမှုကို ပယ်ဖျက်လိုက်ရမည်ဖြစ်ပြီး သင်၏မှာယူမှု မပြီးမြောက်မီ စျေးနှုန်း အပြောင်းအလဲများ ရှိလာပါက သင်၏ ကြိုတင်မှာယူမှုကို ကျွန်ုပ်တို့က ပယ်ဖျက်ခွင့်ရှိပါသည်။

မိသားစု ငွေပေးချေနည်းလမ်း။ သင်သည် Google Play ပေါ်ရှိ မိသားစုအဖွဲ့တစ်ခု၏ မိသားစု စီမံခန့်ခွဲသူဖြစ်လျှင် Google Play နှင့် အက်ပ်များအတွင်း သင်၏ မိသားစုဝင်များက ဝယ်ယူမှုများ ပြုလုပ်နိုင်ရန် မှန်ကန်သည့် မိသားစု ငွေပေးချေနည်းလမ်းကို သင်က စနစ်ထည့်သွင်းရပါမည်။ သင့်မိသားစုဝင်များက မိသားစု ငွေပေးချေနည်းလမ်းကို အသုံးပြု၍ ဝယ်ယူမှုများ အားလုံးအတွက် သင်သည် တာဝန်ယူရမည် ဖြစ်သည်။ မိသားစုအဖွဲ့ကို ဖျက်လိုက်လျှင် သို့မဟုတ် မိသားစုဝင် တစ်ဦးက မိသားစုအဖွဲ့မှ ထွက်သွားလျှင် မိသားစု ငွေပေးချေနည်းလမ်းမှတစ်ဆင့် မိသားစုဝင်များ၏ လတ်တလော ဝယ်ယူမှုများအတွက် သင့်ထံမှ ငွေကောက်ခံသွားပါမည်။

Google Payments။ Google Play မှတစ်ဆင့် ပစ္စည်းများ ဝယ်ယူနိုင်ရန် သင့်ထံတွင် Google Payments အကောင့်တစ်ခု ရှိရမည်ဖြစ်ပြီး Google Payments ဝန်ဆောင်မှု စည်းမျဉ်းများ ကို သဘောတူရပါမည်။ Google Payments အကောင့်ကို အသုံးပြု၍ ဝယ်ယူမှု ပြုလုပ်သည့်အခါတိုင်း Google Payments ပုဂ္ဂိုလ်ရေးဆိုင်ရာ သတိပေးချက် သက်ရောက်မှု ရှိပါမည်။ သင့် Google Payments အကောင့်ဖြင့် Google Play မှတစ်ဆင့် ဝယ်ယူမှုများနှင့် ဆက်စပ်နေသည့် ပေးချေစရာများအားလုံးအတွက် သင်တာဝန်ယူရမည်ဖြစ်သည်။

အခြားငွေပေးချေမှု စီမံဆောင်ရွက်ခြင်း နည်းလမ်းများ။ Google Play မှတစ်ဆင့် အကြောင်းအရာများ ဝယ်ယူရန်အတွက် Google သည် Google Payments အပြင် အခြားငွေပေးချေမှု စီမံဆောင်ရွက်ခြင်း နည်းလမ်းများစွာကို စီစဉ်ပေးထားမည်ဖြစ်သည်။ Google နှင့်သော်လည်းကောင်း၊ ပြင်ပကုမ္ပဏီ နှင့်သော်လည်းကောင်း ပေးထားသည့် ငွေပေးချေမှု စီမံဆောင်ရွက်ခြင်း နည်းလမ်းကို အသုံးပြုခြင်းအား ကြီးကြပ်ပေးသည့် သက်ဆိုင်ရာ စည်းမျဉ်းများနှင့် အခြေအနေများ သို့မဟုတ် အခြား ဥပဒေဆိုင်ရာ သဘောတူညီချက်များကို လိုက်နာရပါမည်။ Google သည် ၎င်း၏ ဆန္ဒအလျောက် ငွေပေးချေမှု စီမံဆောင်ရွက်ခြင်း နည်းလမ်းများအား ထည့်သွင်းခြင်း သို့မဟုတ် ဖယ်ရှားခြင်းတို့ ပြုလုပ်နိုင်ပါသည်။ သင် Google Play ပေါ်တွင် ဝယ်ယူသည့် အရာများနှင့် ဆက်စပ်နေသည့် ငွေပေးချေစရာများအတွက် သင့်ထံတွင်သာ တာဝန်ရှိပါသည်။

မိုဘိုင်းကုမ္ပဏီမှတစ်ဆင့် ငွေတောင်းခံခြင်းကို အသုံးပြုနိုင်မှု။ သင့်စက်ပစ္စည်းများမှတစ်ဆင့် ဝယ်ယူလိုက်သည့် အရာများအတွက် သင်၏ ကွန်ရက်ဝန်ဆောင်မှုပေးသူ၏ အကောင့်သို့ ငွေတောင်းခံခြင်း ပြုလုပ်ခွင့်ရှိမရှိ ဆုံးဖြတ်နိုင်ရန် စက်ပစ္စည်းတစ်ခုပေါ်တွင် သင် Google Play အကောင့်ဖွင့်သည့်အခါ စာရင်းပေးသွင်းသူ ID နှင့် ဆင်းမ်ကဒ် နံပါတ်စဉ်ကဲ့သို့သော သင့်စက်ပစ္စည်း၏ အထောက်အထား အချက်အလက်များကို သင်၏ ကွန်ရက်ဝန်ဆောင်မှု ပေးသူထံ ပို့ပေးသွားပါမည်။ ၎င်းကို ခွင့်ပြုရန် သင်သည် ကွန်ရက်ဝန်ဆောင်မှုပေးသူ၏ ဝန်ဆောင်မှု စည်းမျဉ်းများကို လက်ခံရပါမည်။ ၎င်းကို ခွင့်ပြုရန် သင်သည် ကွန်ရက်ဝန်ဆောင်မှုပေးသူ၏ ဝန်ဆောင်မှု စည်းမျဉ်းများကို လက်ခံရပါမည်။ ကွန်ရက်ဝန်ဆောင်မှုပေးသူသည် သင်၏ ငွေတောင်းခံရန် လိပ်စာအချက်အလက်များကို ကျွန်ုပ်တို့ထံ ပို့ပေးနိုင်ပါသည်။ ဤအချက်အလက်များကို Google ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ မူဝါဒများ နှင့် Google Payments ပုဂ္ဂိုလ်ရေးဆိုင်ရာ သတိပေးချက် တို့အရ ထားရှိခြင်း သို့မဟုတ် အသုံးပြုခြင်းတို့ ပြုလုပ်သွားပါမည်။

စျေးနှုန်း။ Google Play တွင် ဖော်ပြထားသည့် အရာများ၏ စျေးနှုန်းနှင့် ရရှိနိုင်မှုတို့ကို မဝယ်ယူမီ အချိန်မရွေး ပြောင်းလဲမှု ရှိနိုင်ပါသည်။

အခွန်များ။ "အခွန်များ" ဆိုသည်မှာ သက်ဆိုင်ရာ မည်သည့် ဒဏ်ငွေ သို့မဟုတ် အတိုးငွေများမဆို အပါအဝင် ပစ္စည်းများ ရောင်းချမှုနှင့် ဆက်စပ်နေသည့် မည်သည့် အကောက်ခွန်၊ အကောက်ခွန်ကြေးများ၊ စည်းကြပ်ရရှိငွေများ သို့မဟုတ် အခွန်များ (ဝင်ငွေခွန်မှလွဲ၍) မဆိုကို ဆိုလိုပါသည်။ အခွန်ပေးရန် သင့်ထံတွင် တာဝန်ရှိပြီး အကြောင်းအရာအတွက် အခွန်လျော့ပေါ့ခြင်း မရှိဘဲ ပေးချေရပါမည်။ ပစ္စည်း ရောင်းချသူ သို့မဟုတ် Google သည် အခွန်ကောက်ခံရန် သို့မဟုတ် ပေးရန် တာဝန်ရှိသည့်အခါ အခွန်များကို သင့်ထံမှ ကောက်ခံသွားပါမည်။ Google Play ပေါ် သို့မဟုတ် မှတစ်ဆင့် ဝယ်ယူထားသော အရာများ သို့မဟုတ် သင်၏ Google Play အသုံးပြုမှုနှင့် စပ်လျဉ်း၍ ပေးချေရနိုင်သည့် အခွန်များအတွက် အစီရင်ခံခြင်းနှင့် ပေးချေခြင်းတို့ အပါအဝင် သက်ဆိုင်ရာ အကောက်ခွန် ဥပဒေများကို လိုက်နာရပါမည်။ ထိုကဲ့သို့သော သက်ဆိုင်ရာ အခွန်များအတွက် အကြောင်းကြားခြင်းနှင့် ပေးချေခြင်းတို့သည် သင့်တာဝန်သာဖြစ်သည်။

ရောင်းဝယ်မှုများ အားလုံးသည် အပြီးသတ်ဖြစ်သည်။ ရုပ်သိမ်းခွင့်၊ ပယ်ဖျက်ခွင့် သို့မဟုတ် ငွေပြန်အမ်းပေးရန် ပစ္စည်းပြန်အပ်ခွင့်တို့နှင့် ပတ်သက်ပြီး ထပ်မံသိရှိလိုပါက Google Play ၏ ငွေပြန်ထုတ်ပေးရေး မူဝါဒ တွင် ကြည့်ပါ။ Google Play ၏ ငွေပြန်ထုတ်ပေးရေး မူဝါဒ သို့မဟုတ် ဝန်ဆောင်မှုပေးသူ၏ ငွေပြန်ထုတ်ပေးရေး မူဝါဒတွင် အတိအလင်း ဖော်ပြထားသည်မှ လွဲ၍ ရောင်းဝယ်မှုများ အားလုံးသည် အတည်ဖြစ်ပြီး ပစ္စည်းပြန်ပို့ပေးခြင်း၊ ပစ္စည်းလဲလှယ်ခြင်း သို့မဟုတ် ငွေပြန်အမ်းပေးခြင်းတို့ကို ခွင့်ပြုသွားမည် မဟုတ်ပါ။ မည်သည့် ဝယ်ယူမှုအတွက်မဆို ပစ္စည်းအစားထိုးပေးရန်၊ ပစ္စည်းပြန်ပို့ရန် သို့မဟုတ် ငွေပြန်အမ်းပေးရန် အာမခံထားပါက ငွေပေးချေမှုကို ပြန်ပေးမည်ဖြစ်ပြီး ၎င်း ငွေပေးချေမှုမှတစ်ဆင့် ရယူထားသည့် အကြောင်းအရာကို သင်ဖွင့်၍ရတော့မည် မဟုတ်ပါ။

စာရင်းပေးသွင်းမှုများ။ စာရင်းပေးသွင်းမှုများအတွက် ငွေတောင်းခံခြင်းကာလ ရောက်တိုင်း (အပတ်စဉ်၊ လစဉ်၊ နှစ်စဉ် သို့မဟုတ် အခြားကာလများ) အလိုအလျောက် ကောက်ခံသွားမည်ဖြစ်ပြီး နောက်လာမည့် ငွေတောင်းခံမှုကာလ မရောက်မီ ၂၄ နာရီအတွင်း ငွေကောက်ခံသွားပါမည်။

(က) စမ်းသပ် အသုံးပြုမှုကာလများ။ စျေးနှုန်းတစ်ခုဖြင့် ပစ္စည်းတစ်ခုကို စာရင်းပေးသွင်းသည့်အခါ စမ်းသပ်သုံးစွဲရန် အချိန်ကာလတစ်ခုအတွင်း စာရင်းပေးသွင်းမှု အကျိုးခံစားခွင့်များကို အခမဲ့ အသုံးပြုနိုင်မည်ဖြစ်ပြီး ၎င်းနောက်တွင် စာရင်းပေးသွင်းမှုကို သင်မပယ်ဖျက်သရွေ့ ငွေကောက်ခံသွားပါမည်။ ငွေကောက်ခံခြင်း မခံရစေရန် စမ်းသပ်ကာလ မပြီးဆုံးမီ ပယ်ဖျက်ရပါမည်။ အခြားသတ်မှတ်ဖော်ပြထားခြင်း မရှိလျှင် စမ်းသပ်အသုံးပြုမှုကို သင်က ပယ်ဖျက်လိုက်သည်နှင့် သက်ဆိုင်ရာ အက်ပ်နှင့် စာရင်းပေးသွင်းမှု အကျိုးခံစားခွင့်များကို လက်ငင်းဆိုသလို အသုံးပြု၍ရတော့မည် မဟုတ်ပါ။ ထိုကဲ့သို့သော စမ်းသပ်အသုံးပြုမှု ကာလများကို ပေးထားသည့် စမ်းသုံးခွင့်ကာလ သို့မဟုတ် အခြား ကန့်သတ်ချက်များအတွင်း အသုံးပြုသူတစ်ဦးချင်းစီအတွက် အသုံးပြုခွင့်အကြိမ်ရေ ကန့်သတ်ချက်ရှိပါသည်။

(ခ) ပယ်ဖျက်ခြင်းများ။ စာရင်းပေးသွင်းမှုကို ကူညီရေးဌာန တွင် ဖော်ပြထားသည့်အတိုင်း သက်ဆိုင်ရာ ငွေပေးချေသည့် ဝန်ဆောင်မှုကာလ မကုန်ဆုံးမီ အချိန်မရွေး ပယ်ဖျက်နိုင်ပြီး ပယ်ဖျက်ခြင်းသည် နောက်လာမည့် ဝန်ဆောင်မှုကာလအတွက် သက်ရောက်မှုရှိပါမည်။ ဥပမာ၊ သင်သည် လစဉ် စာရင်းပေးသွင်းမှုကို ဝယ်ယူထားလျှင် စာရင်းပေးသွင်းမှု၏ မည်သည့် လအတွင်း၌မဆို ပယ်ဖျက်နိုင်ပြီး နောက်လာမည့်လအတွက် စာရင်းပေးသွင်းမှုကို ပယ်ဖျက်ပေးသွားပါမည်။ Google Play ၏ ငွေပြန်ထုတ်ပေးရေး မူဝါဒ အတွင်း ဖော်ပြထားသည်မှလွဲ၍ (ဥပမာ၊ ပစ္စည်းသည် ချွတ်ယွင်းနေခြင်း) လက်ရှိ ငွေပေးချေခြင်း ဝန်ဆောင်မှုကာလအတွက် ပြန်အမ်းငွေကို ရရှိမည် မဟုတ်ပါ။ Google Play သတင်းစင် စာရင်းပေးသွင်းမှုများ− လက်ရှိ ငွေပေးချေသည့် ဝန်ဆောင်မှုကာလ မကုန်ဆုံးမီ သက်ဆိုင်ရာ စာရင်းပေးသွင်းမှုအတွက် အကြောင်းအရာနှင့် အပ်ဒိတ်များ (ရနိုင်လျှင်) ကို ဆက်လက်၍ လက်ခံရရှိမည်ဖြစ်သည်။ ၎င်းငွေပေးချေသည့် ဝန်ဆောင်မှုကာလ ကုန်ဆုံးသွားသည့်အခါ ယခင်ပေးပို့ထားသည့် မဂ္ဂဇင်းများကို ဆက်လက်ဖတ်ခွင့်ရှိမည် ဖြစ်သော်လည်း စာရင်းပေးသွင်းမှုကို သင်ပယ်ဖျက်ခဲ့သည့် ငွေကောက်ခံမှုကာလ၏ အဆုံးတွင် အခကြေးငွေပေးရသော သတင်းများကို ကြည့်ရှုခွင့် ရှိတော့မည် မဟုတ်ပါ။ အခမဲ့ စမ်းသုံးခွင့်ကာလအတွင်း ပယ်ဖျက်ပါက ထိုအစမ်းသုံးခွင့်ကာလအတွင်း သင်ဖတ်ခဲ့သည့် မဂ္ဂဇင်းများကို ဆက်လက်ကြည့်ရှုခွင့်ရရှိမည် ဖြစ်သော်လည်း သတင်းများကို ကြည့်ရှုခွင့် မရနိုင်ပါ။ Google Play ဂီတ စာရင်းပေးသွင်းမှုများ− သင်၏ Google Play ဂီတ စာရင်းပေးသွင်းမှုကို ပယ်ဖျက်လိုက်လျှင် လက်ရှိ ငွေပေးချေသည့် ဝန်ဆောင်မှုကာလ ကုန်ဆုံးသည့်အချိန်အထိ Google Play ဂီတ စာရင်းပေးသွင်းမှုကို အသုံးပြုနိုင်ပါမည်။ သို့သော်လည်း စာရင်းပေးသွင်းမှုကို သင်ပယ်ဖျက်ခဲ့သည့် ဝန်ဆောင်မှုကာလ၏ အဆုံး၌ အသုံးပြုခွင့်ကို ရပ်ဆိုင်းလိုက်ပါမည်။ စမ်းသုံးခွင့်ကာလအတွင်း သင်၏ Google Play ဂီတ စာရင်းပေးသွင်းမှုကို ပယ်ဖျက်လိုက်လျှင် ထိုအခမဲ့ အစမ်းသုံးခွင့်ကာလအတွင်း သင်နားထောင်ခဲ့သည့် Google Play ဂီတ စာရင်းပေးသွင်းမှုမှ အရာများကို ဆက်လက်အသုံးပြုခွင့် မရှိတော့ပါ။

(ဂ) ပုံနှိပ်ထုတ်ဝေမှုကို စာရင်းပေးသွင်းသူများအတွက် လျှော့စျေးများ။ သင်သည် ပုံနှိပ်ထုတ်ဝေမှုကို မှာယူထားသူဖြစ်လျှင် Google Play ပေါ်တွင် ပုံမှန်ထုတ်ဝေသည့် အကြောင်းအရာများကို ပုံမှန်ဝန်ဆောင်မှု ပေးသူအချို့က သင့်အား လျှော့စျေးဖြင့် စာရင်းသွင်းခွင့် ပြုနိုင်ပါသည်။ သင်သည် ပုံနှိပ်ထုတ်ဝေမှု အမှာစာကို ပယ်ဖျက်လိုက်လျှင် သို့မဟုတ် သင်၏ ပုံနှိပ်စာရင်းပေးသွင်းမှု သက်တမ်းကုန်သွားပြီး ထပ်မတိုးထားပါက Google Play ပေါ်ရှိ ၎င်းလျှော့စျေးပေးထားသည့် အကြောင်းအရာ စာရင်းပေးသွင်းမှုကို လက်ငင်းဆိုသလို ပယ်ဖျက်လိုက်ပါမည်။

(ဃ) စျေးနှုန်း ပြောင်းလဲမှုများ။ စာရင်းပေးသွင်းမှုကို ဝယ်ယူထားပါက စာရင်းပေးသွင်းရန် သဘောတူညီထားသည့် အချိန်တွင် သတ်မှတ်ထားသည့် ငွေပမာဏကို ကနဦး ကောက်ခံသွားပါမည်။ နောက်ပိုင်းတွင် စာရင်းပေးသွင်းမှုအတွက် စျေးတက်သွားပါက Google သည် သင့်အား အကြောင်းကြားပါမည်။ အပြောင်းအလဲမလုပ်မီ သင့်အား ၁၀ ရက်ကြိုတင်အကြောင်းကြားမည်ဖြစ်ပြီး လက်ရှိငွေပေးချေမှု သက်တမ်းကုန်သည့်အခါ တိုး၍ ကောက်ခံသွားပါမည်။ ၁၀ ရက်ထက် နည်း၍ ကြိုတင်အကြောင်းကြားမှု ပြုလုပ်ထားပါက လက်ရှိငွေပေးချေမှု သက်တမ်းကုန်သည့်အခါ သက်ရောက်မှု ရှိမည်မဟုတ်ဘဲ နောက်ထပ် ငွေပေးချေမှုသက်တမ်းကုန်သည့် အခါ၌သာ တိုး၍ကောက်ခံသွားပါမည်။ စာရင်းပေးသွင်းမှုအတွက် စျေးတိုးကောက်ခံခြင်းကို မပေးလိုလျှင် ဤစည်းမျဉ်းများအတွင်းရှိ ပယ်ဖျက်ခြင်းကဏ္ဍတွင် ဖော်ပြထားသည့်အတိုင်း စာရင်းပေးသွင်းမှုကို ပယ်ဖျက်နိုင်ပြီး လက်ရှိ ငွေပေးချေသည့် ဝန်ဆောင်မှုကာလ မကုန်ဆုံးမီ ကျွန်ုပ်တို့ကို အကြောင်းကြားထားပါက စာရင်းပေးသွင်းမှုအတွက် နောက်ထပ် ငွေကောက်ခံသွားမည် မဟုတ်ပါ။ ဝန်ဆောင်မှုပေးသူက စာရင်းပေးသွင်းမှုအတွက် စျေးမြှင့်လိုက်ပြီး သင်၏ သဘောတူညီချက် လိုအပ်သည့် အခါမျိုးတွင် စျေးနှုန်းအသစ်ကို သင်က သဘောမတူပါက Google သည် သင့်စာရင်းပေးသွင်းမှုကို ပယ်ဖျက်နိုင်ပါသည်။ သင်၏ စာရင်းပေးသွင်းမှုကို ပယ်ဖျက်လိုက်ပြီးသည့် နောက်ပိုင်းတွင် ပြန်လည်၍ စာရင်းပေးသွင်းလိုလျှင် ယင်းအချိန်ရှိ စာရင်းပေးသွင်းမှု စျေးနှုန်းအတိုင်း ကောက်ခံသွားပါမည်။

၄။ အခွင့်အရေးနှင့် ကန့်သတ်ချက်များ

အကြောင်းအရာများကို အသုံးပြုခွင့် လိုင်စင်။ အကြောင်းအရာအတွက် ငွေသွင်းပြီးသည့်အခါ သို့မဟုတ် သက်ဆိုင်ရာ အခကြေးငွေ ပေးသွင်းပြီးသည့်အခါ စီးပွားဖြစ်မဟုတ်ဘဲ သင်၏ တစ်ကိုယ်သုံး ဝန်ဆောင်မှု၏ အစိတ်အပိုင်းတစ်ခုအဖြစ် ခွင့်ပြုထားခြင်း သို့မဟုတ် ဤစည်းမျဉ်းများနှင့် ဆက်စပ်မူဝါဒများတွင် အတိအလင်းဖော်ပြထားသည့်အတိုင်း သိုလှောင်ရန်၊ ဖွင့်ရန်၊ ကြည့်ရန်၊ အသုံးပြုရန်နှင့် သက်ဆိုင်ရာ အကြောင်းအရာ၏ မိတ္တူကို သင်၏ စက်ပစ္စည်းများပေါ်တွင် ဖော်ပြရန် သင်သည် သာမန်အခွင့်အရေး ရရှိပါမည်။ စည်းမျဉ်းများထဲတွင် Google Play နှင့် အကြောင်းအရာအတွင်း ခွင့်ပြုချက်များ၊ ခေါင်းစဉ်များနှင့် အကျိုးအြမတ်များကို သင့်အား အတိအလင်း ခွင့်ပြုပေးထားခြင်းမရှိပါက ၎င်းပိုင်ခွင့်များကို လက်ဝယ်ထားရှိပါသည်။ အက်ပ်နှင့် ဂိမ်းများကို သင်အသုံးပြုရာတွင် သင်နှင့် ဝန်ဆောင်မှုပေးသူအကြား ထားရှိသည့် သုံးစွဲသူ လိုင်စင် သဘောတူညီချက်ရှိ နောက်ထပ် စည်းမျဉ်းနှင့် အခြေအနေများက ကြီးကြပ်ထားနိုင်ပါသည်။

လိုင်စင် စည်းမျဉ်းများကို ချိုးဖောက်ခြင်း။ စည်းမျဉ်းတစ်ခုခုကို ချိုးဖောက်ထားပါက ဤလိုင်စင်အရ သင့်အခွင့်အရေးများကို ချက်ခြင်းလက်ငင်း ရပ်ဆိုင်းလိုက်မည်ဖြစ်ပြီး သင့်အား ငွေပြန်အမ်းပေးခြင်း မရှိဘဲ Google Play၊ အကြောင်းအရာ သို့မဟုတ် သင်၏ Google အကောင့်ကို အသုံးပြုခွင့်အား Google က ရပ်ဆိုင်းလိုက်နိုင်ပါသည်။

ကန့်သတ်ချက်များ− အောက်ပါတို့ကို သင်မလုပ်ဆောင်နိုင်ပါ−

ပြင်ပကုမ္ပဏီ၏ ဝန်ဆောင်မှုများ။ ဤစည်းမျဉ်းများနှင့် သွေဖီမှုမရှိစေရဘဲ Google သို့ လိုင်စင်လျှောက်ထားသည့် ပြင်ပကုမ္ပဏီများသည် ဤစည်းမျဉ်းများအရ အကျိုးခံစားခွင့်ရှိသူများဖြစ်ပြီး ၎င်းတို့၏ အကြောင်းအရာ ("ပြင်ပကုမ္ပဏီ၏ ဝန်ဆောင်မှုများ") နှင့် တိုက်ရိုက် သက်ဆိုင်သည့် ဤစည်းမျဉ်းများ၏ တိကျသော ဝန်ဆောင်မှုပေးခြင်းအတွက်သာဖြစ်ပြီး ထိုပြင်ပကုမ္ပဏီများက ၎င်းတို့၏ အကြောင်းအရာများအတွက် မူပိုင်ခွင့်များ ထည့်သွင်းနိုင်ရန် ရည်ရွယ်ချက် သက်သက်အတွက်သာဖြစ်သည်။ သံသယများ မရှိစေရန် ကန့်သတ်မထားသည့် အညွှန်းအနေနှင့် ပူးတွဲဖော်ပြထားသော သို့မဟုတ် ဤစည်းမျဉ်းများအတွင်း ငြိစွန်းမှုမရှိစေရဘဲ သီးခြားညွှန်းဆိုထားသော မည်သည့် ဝန်ဆောင်မှု သို့မဟုတ် သဘောတူညီချက်မဆို အပါအဝင် ပြင်ပကုမ္ပဏီ၏ ဝန်ဆောင်မှုပြင်ပရှိ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ ဤစည်းမျဉ်းများသည် ပြင်ပကုမ္ပဏီအား အကျိုးခံစားခွင့်ပေးခြင်း မရှိပါ။

Play မူဝါဒများ။ Google Play ပေါ်၌ သုံးသပ်ချက်များ ရေးသားရာတွင် အောက်ပါ မူဝါဒများ ကို လိုက်နာရပါမည်။ အလွဲသုံးစားလုပ်ခြင်း သို့မဟုတ် အကြောင်းအရာဆိုင်ရာ အခြားချိုးဖောက်မှုများကို တိုင်ကြားလိုပါက ဤနေရာတွင် နှိပ်ပါ။

ချွတ်ယွင်းနေသည့် အကြောင်းအရာ။ သင့်အကောင့်တွင် အကြောင်းအရာကို ရရှိသည်နှင့် ထိုအကြောင်းအရာသည် ဖော်ပြထားသည့်အတိုင်း လုပ်ဆောင်မှုရှိမရှိကို အမြန်ဆုံးစစ်ဆေးပြီး မှားယွင်းမှုများ သို့မဟုတ် ချွတ်ယွင်းမှုများကို ကျွန်ုပ်တို့ထံ သို့မဟုတ် ဝန်ဆောင်မှုပေးသူထံသို့ အမြန်ဆုံး အကြောင်းကြားပါ။ ထပ်မံသိရှိလိုပါက Google Play ငွေပြန်ထုတ်ပေးရေး မူဝါဒ တွင် ကြည့်ပါ။

အကြောင်းအရာများ ဖယ်ရှားခြင်း သို့မဟုတ် မရရှိနိုင်ခြင်း။ စည်းမျဉ်းများအရ ငှားရမ်းထားသည့် အချိန်ကာလဖြစ်စေ၊ အခြား အချိန်ကာလများအတွက် ဖြစ်စေ Google က ၎င်းအကြောင်းအရာကို သင့်အား ပေးသုံးခွင့်ရှိနေသရွေ့ သင်ဝယ်ယူထားသော သို့မဟုတ် ထည့်သွင်းထားသော အကြောင်းအရာကို သင်ရွေးချယ်ထားသည့် အချိန်ကာလတစ်ခုအတွင်း Google Play မှတစ်ဆင့် ရရှိနိုင်ပါမည်။ အချို့ကိစ္စရပ်များတွင် (ဥပမာ၊ Google သည် သက်ဆိုင်ရာ မူပိုင်ခွင့် မရှိတော့သည့်အခါ၊ ဝန်ဆောင်မှု သို့မဟုတ် အကြောင်းအရာကို ရပ်ဆိုင်းလိုက်သည့်အခါ၊ ကြီးမားသည့် လုံခြုံရေး ပြဿနာများ ကြုံတွေ့ရသည့်အခါ သို့မဟုတ် အပလီကေးရှင်း စည်းမျဉ်းများ သို့မဟုတ် ဥပဒေ ချိုးဖောက်မှုများ ရှိသည့်အခါ) Google သည် သင်ဝယ်ယူထားသည့် အကြောင်းအရာကို သင့်စက်ပစ္စည်းမှနေ၍ ဖယ်ရှားခြင်း သို့မဟုတ် အသုံးပြုခွင့်ကို ရပ်ဆိုင်းလိုက်ခြင်းတို့ ပြုလုပ်နိုင်ပါသည်။ Google အိုင်ယာလန် လီမိတက်က ရောင်းချသည့် အကြောင်းအရာများအတွက် ဖြစ်နိုင်လျှင် ထိုကဲ့သို့သော ဖယ်ရှားခြင်း သို့မဟုတ် ရပ်ဆိုင်းခြင်းတို့အတွက် သင့်အား ကြိုတင်အသိပေးသွားမည်ဖြစ်သည်။ ထိုကဲ့သို့သော ဖယ်ရှားမှု သို့မဟုတ် ရပ်ဆိုင်းမှုများ မတိုင်မီ အကြောင်းအရာ၏ မိတ္တူကို ဒေါင်းလုဒ်လုပ်၍ မရခဲ့လျှင် Google သည် (က) ဖြစ်နိုင်လျှင် အကြောင်းအရာကို အစားထိုးပေးခြင်း သို့မဟုတ် (ခ) အကြောင်းအရာအတွက် ငွေအပြည့် သို့မဟုတ် တစ်စိတ်တစ်ပိုင်း ပြန်အမ်းပေးခြင်းတို့ ပြုလုပ်ပေးနိုင်ပါသည်။ Google သည် သင့်အား ငွေပြန်အမ်းပေးပါက ၎င်းသည်သာလျှင် သင့်ဆုံးရှုံးမှုအတွက် ပေးဆပ်ခြင်း ဖြစ်ပါမည်။

အကောင့်များစွာ အသုံးပြုခြင်း။ သင့်ထံတွင် မတူညီသည့် အမည်များဖြင့် Google အကောင့်များစွာရှိပါက ၎င်းအကောင့်များကို သင်ပိုင်ဆိုင်ကြောင်း ဖော်ပြနိုင်ပြီး Google ကလည်း ထိုကဲ့သို့သော လွှဲပြောင်းမှုအတွက် သက်ဆိုင်ရာ ဝန်ဆောင်မှုမျိုး ပေးထားသည့်အခါမျိုးတွင် အကောင့်တစ်ခုမှနေ၍ အခြားအကောင့်တစ်ခုသို့ အကြောင်းအရာများကို လွှဲပြောင်းခွင့် ရှိပါမည်။

စက်ပစ္စည်းများအတွင်း အသုံးပြုခွင့်ကန့်သတ်ချက်များ။ Google သည် သင်အကြောင်းအရာများကို အသုံးပြုသည့် ဆော့ဖ်ဝဲ အပလီကေးရှင်းများ သို့မဟုတ် စက်ပစ္စည်းများအတွင်းတွင် ကန့်သတ်ချက်များကို အခါအားလျော်စွာ ထည့်သွင်းနိုင်ပါသည်။ Google Play ဂီတ သို့မဟုတ် Google Play ရုပ်ရှင်နှင့် တီဗီတို့နှင့် ပတ်သက်၍ ဤကန့်သတ်ချက်များအကြောင်း ထပ်မံသိရှိလိုပါက ကျွန်ုပ်တို့၏ Google Play ဂီတ ကူညီရေးရာဌာန စာမျက်နှာ သို့မဟုတ် Google Play ရုပ်ရှင်နှင့် တီဗီ အသုံးပြုမှု စည်းမျဉ်းများ တွင် ကြည့်ပါ။

အန္တရာယ်ရှိသည့် လုပ်ဆောင်ချက်များ။ မည်သည့် ဝန်ဆောင်မှု သို့မဟုတ် အကြောင်းအရာများကိုမဆို အနုမြူစက်ရုံများ၊ အသက်ကယ် စနစ်များ၊ အရေးပေါ် ဆက်သွယ်မှုများ၊ လေယာဉ် ထိန်းချုပ်မှု သို့မဟုတ် ဆက်သွယ်ရေး စနစ်များ၊ လေကြောင်း အသွားအလာ ထိန်းချုပ်မှုစနစ်များ သို့မဟုတ် အလားတူ ဖြစ်သည့် မည်သည့် လုပ်ဆောင်ချက်များအတွက်မဆို အသုံးပြုရန် ရည်ရွယ်ထားခြင်း မရှိဘဲ ယင်းလုပ်ဆောင်မှုများတွင် ဝန်ဆောင်မှုများ သို့မဟုတ် အကြောင်းအရာများ ချွတ်ယွင်းချက်သည် သေဆုံးမှုများ၊ ထိခိုက်ဒဏ်ရာများ သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် ပတ်ဝန်းကျင်ဆိုင်ရာ ကြီးမားသည့် ပျက်စီးမှုများ ဖြစ်စေနိုင်သည်။

Google Play ရုပ်ရှင်နှင့် တီဗီ။ သင်၏ Google Play ရုပ်ရှင်နှင့် တီဗီ အသုံးပြုမှုနှင့် ပတ်သက်၍ အသေးစိတ်များနှင့် ကန့်သတ်ချက်များအကြောင်း ထပ်မံသိရှိလိုပါက Google Play ရုပ်ရှင်နှင့် တီဗီ အသုံးပြုမှု စည်းမျဉ်းများ တွင် ကြည့်ပါ။

Google Play ဂီတ

Google Play သည် တေးဂီတဖိုင်များ၊ တေးဂီတ ဗီဒီယိုဖိုင်များ၊ အစမ်းကြည့်ရှုမှုများ၊ ဗီဒီယိုအပိုင်းများ၊ အနုပညာရှင် အချက်အလက်များ၊ အသုံးပြုသူ သုံးသပ်ချက်များ၊ ကျွမ်းကျင်အဆင့် ပြင်ပကုမ္ပဏီ တေးဂီတ သုံးသပ်ချက်များနှင့် အခြားသော ဒစ်ဂျစ်တယ် အကြောင်းအရာများ ("တေးဂီတ ထုတ်ကုန်များ") ကဲ့သို့သော ဒစ်ဂျစ်တယ် တေးဂီတနှင့် တေးဂီတဆိုင်ရာ အကြောင်းအရာ အမျိုးအစားအစုံအလင်တို့ကို သင့်အား ဖွင့်ခွင့်၊ အစမ်းကြည့်ရှုခွင့်၊ တိုက်ရိုက်ကြည့်ရှုခွင့်၊ ဝယ်ယူခွင့်၊ ဒေါင်းလုဒ်လုပ်ခွင့်၊ အကြံပြုခွင့်နှင့် အသုံးပြုခွင့် ပေးပါသည်။

သိုလှောင်နိုင်သည့် အကြောင်းအရာများ။ အောက်တွင် တစ်ခုချင်းစီကို ဖော်ပြထားသည့်အတိုင်း ("သိုလှောင်နိုင်သည့် အကြောင်းအရာများ") တေးဂီတဆော့ဖ်ဝဲ မှတစ်ဆင့် တေးဂီတသိုလှောင်မှုအတွင်းတွင် ဒစ်ဂျစ်တယ် အကြောင်းအရာများ (တေးဂီတဖိုင်များ၊ သက်ဆိုင်ရာ မက်တာဒေတာနှင့် အယ်လ်ဘမ်ပုံတို့ကဲ့သို့) ကို သိုလှောင်ရန် Google Play ကို အသုံးပြုနိုင်ပါသည်။ ရှင်းလင်းစွာ ဆိုရလျှင် "တေးဂီတ ထုတ်ကုန်များ" သည် သိုလှောင်နိုင်သည့် အကြောင်းအရာများတွင် မပါဝင်ပါ။ သိုလှောင်နိုင်သည့် အကြောင်းအရာများတွင် တေးဂီတ သိုလှောင်မှုသို့ တိုက်ရိုက်အပ်လုဒ်လုပ်လိုက်သည့် ဖိုင်များ သို့မဟုတ် သင့်စက်ပစ္စည်းအတွင်းတွင် သိုလှောင်ထားသည့် ဖိုင်များကို Google က "ရှာဖွေပြီး ကိုက်ညီမှုရှိအောင် တွဲပေးသည့်" ဖိုင်များ ပါဝင်ပါသည်။

တေးဂီတ အံဆွဲ ဝန်ဆောင်မှုများ။ Google Play သည် (​က) တေးဂီတ ထုတ်ကုန်များနှင့် သိုလှောင်နိုင်သည့် အကြောင်းအရာများ ("တေးဂီတ သိုလှောင်မှု") အပါအဝင် တေးဂီတနှင့် ဆက်စပ်နေသည့် ဒေတာဖိုင်များကို သိုလှောင်ရန် အသုံးပြုသည့် ဆာဗာ သိုလှောင်ရန်နေရာ သို့မဟုတ် (ခ) တေးဂီတ သိုလှောင်မှု ("Music Software") မှတစ်ဆင့် တေးဂီတများကို သင့်အား အပ်လုဒ်လုပ်ခွင့်၊ စီမံခွင့်၊ ဝင်ရောက်ခွင့်နှင့် ဖွင့်ခွင့်ပေးသည့် ဆော့ဖ်ဝဲ အပလီကေးရှင်းများ (ဝဘ်၊ ဒက်စတော့နှင့် မိုဘိုင်း အပလီကေးရှင်းများ အပါအဝင်) နှင့် သက်ဆိုင်ရာ ဝန်ဆောင်မှုများကို အသုံးပြုခွင့်ပေးနိုင်ပါသည်။ ဤစည်းမျဉ်းများတွင် တေးဂီတ သိုလှောင်မှုနှင့် တေးဂီတ ဆော့ဖ်ဝဲကို ခြုံငုံ၍ "တေးဂီတ အံဆွဲ ဝန်ဆောင်မှု" ဟူ၍ ညွှန်းဆိုနိုင်ပါသည်။

တေးဂီတ အံဆွဲ ဝန်ဆောင်မှုများကို အသုံးပြုခြင်း။ တေးဂီတ ထုတ်ကုန်များနှင့် သိုလှောင်နိုင်သည့် အကြောင်းအရာများကို သိမ်းဆည်းသိုလှောင်ခြင်းဖြင့် သင်သည် ထိုကဲ့သို့သော အရာများ၏ သီးခြားမိတ္တူကို ထားရှိနေခြင်းဖြစ်ပြီး သင့်ကိုယ်စား ထိန်းသိမ်းပေးရန်နှင့် Google Play ပေါ်ရှိ သင့်အကောင့်မှတစ်ဆင့် အသုံးပြုနိုင်စေရန် Google အား တောင်းဆိုခြင်းပင် ဖြစ်ပါသည်။ တေးဂီတ အံဆွဲ ဝန်ဆောင်မှုများကို အသုံးပြုခြင်းဖြင့် သင်သည် တေးဂီတ ထုတ်ကုန်များနှင့် သိုလှောင်နိုင်သည့် အကြောင်းအရာများကို အသုံးပြုရာတွင် အထောက်အကူပေးနိုင်ရန်အတွက် တေးဂီတ အံဆွဲ ဝန်ဆောင်မှုများ၏ လုပ်ဆောင်ချက်များနှင့် ဝန်ဆောင်မှုများကို ရယူပေးရန် Google အား တောင်းဆိုခြင်းပင် ဖြစ်သည်။ တေးဂီတ အံဆွဲ ဝန်ဆောင်မှုများကို သင်လိုလားသည့်အတိုင်း ဝန်ဆောင်မှုပေးရန် Google က ဆောင်ရွက်ပေးရာတွင် (က) တေးဂီတ ထုတ်ကုန်များနှင့် သိုလှောင်နိုင်သည့် အကြောင်းအရာများကို မတူညီသည့် ကွန်ရက်နှင့် မီဒီယာများစွာ တို့မှတစ်ဆင့် ထုတ်လွှင့်နိုင်ခြင်း (ခ) ချိတ်ဆက်ထားသည့် ကွန်ရက်၊ စက်ပစ္စည်း၊ ဝန်ဆောင်မှု သို့မဟုတ် မီဒီယာများ၏ နည်းပညာ လိုအပ်ချက်များအရ တေးဂီတ ထုတ်ကုန်များနှင့် သိုလှောင်နိုင်သည့် အကြောင်းအရာများအတွက် လိုအပ်သလို ချိန်ညှိ၍ ထိုအပြောင်းအလဲများကို ပြုလုပ်ခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်းကို သင်နားလည်ရာ ရောက်ပါသည်။ သင်သည် တေးဂီတ သိုလှောင်မှုအတွင်းတွင် Google အား အပ်လုဒ်လုပ်ရန် သို့မဟုတ် သိုလှောင်ရန် စေခိုင်းပြီး ဤကဏ္ဍတွင် ဖော်ပြထားသည့် လုပ်ဆောင်ချက်များကို Google အား လုပ်ဆောင်ရန် ညွှန်ကြားသည့် မည်သည့် သိုလှောင်နိုင်သည့် အကြောင်းအရာကိုမဆို သိုလှောင်ရန် သင့်ထံတွင် လိုအပ်သည့် မူပိုင်ခွင့်များ ရှိကြောင်း သင်သည် Google ကို အတည်ပြု၍ အာမခံပါသည်။

အခြားသော Google စာရင်းပေးသွင်းခြင်း ဝန်ဆောင်မှုများ။ Google Play နှင့် မည်သည့် Google Play တေးဂီတ စာရင်းပေးသွင်းခြင်း ထုတ်ကုန်များကို သင်အသုံးပြုခြင်းအား ဤစည်းမျဉ်းများ သက်သက်ဖြင့်သာ ကြီးကြပ်ထားပြီး Google Play တေးဂီတ စာရင်းပေးသွင်းခြင်းကို အသုံးပြုခွင့်ရရှိသည့် အခြားသော မည်သည့် Google ထုတ်ကုန်မဆို အပါအဝင် အခြားသော Google ထုတ်ကုန်များ၏ စည်းမျဉ်းများ မပါဝင်ပါ။

Google Play စာအုပ်များ။ စာအုပ်များအတွက် Google Play ပုဂ္ဂိုလ်ရေးဆိုင်ရာ မူဝါဒများ သည် စာအုပ်ကဲ့သို့သော အကြောင်းအရာများကို သင်အသုံးပြုခြင်းဖြင့် ရရှိလာသည့် ကိုယ်ရေးကိုယ်တာနှင့် အခြား အချက်အလက်များကို ကျွန်ုပ်တို့ မည်ကဲ့သို့ ကိုင်တွယ်အသုံးပြုကြောင်း ဖော်ပြထားပါသည်။

Google Play သတင်းစဉ်။

ပုံမှန်ထုတ်ဝေသူများထံသို့ Google က မျှဝေသည့် အချက်အလက်များ။ Google Play ပေါ်တွင် မည်သည့် အချိန်အတိုင်းတာမဆိုနှင့် ပုံမှန် စာရင်းပေးသွင်းမှုကို ဝယ်ယူထားလျှင် Google သည် သင်၏ အမည်၊ အီးမေးလ်လိပ်စာ၊ စာပို့ရန် လိပ်စာနှင့် သီးခြား သတ်မှတ်မှုစနစ်တစ်ခုကို ပုံမှန် ထုတ်ဝေသူများထံသို့ မျှဝေနိုင်ပါသည်။ ပုံမှန် စာရင်းပေးသွင်းထားသူ တစ်ဦးအနေနှင့် Google သည် ထုတ်ဝေသူသို့ ပုံမှန်စာရင်းပေးသွင်းထားချိန် အတွင်း သင်၏ စာဖတ်မှတ်တမ်းကိုလည်း မျှဝေနိုင်ပါသည်။ ပုံမှန်ထုတ်ဝေသူသည် ဤအချက်အလက်များကို ထုတ်ဝေသူ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ မူဝါဒအရ အသုံးပြုရန် Google က ပုံမှန်ထုတ်ဝေသူနှင့် သဘောတူထားပါသည်။ သင်ဝယ်ယူထားသည့် စာရင်းပေးသွင်းမှုနှင့် သက်ဆိုင်မှုမရှိသည့် မည်သည့် ထုတ်ဝေသူထံမှ ဆက်သွယ်မှုများကိုမဆို လက်မခံရန်နှင့် သင်၏ စာရင်းပေးသွင်းမှုကို ဝယ်ယူစဉ်အခါ၌ ပြင်ပကုမ္ပဏီများ၏ စျေးကွက်ရှာဖွေရေး ဆက်သွယ်မှုများကို လက်မခံရန် သင့်ကို ရွေးချယ်ခွင့်ပေးမည် ဖြစ်သည်။ Google Play ပေါ်တွင် မဂ္ဂဇင်းတစ်စောင်တည်းကို ဝယ်ယူထားလျှင် Google သည် သင်၏ စာတိုက်အမှတ်ကို မဂ္ဂဇင်း ထုတ်ဝေသူအား ပေးနိုင်ပါသည်။ ပုံမှန်ထုတ်ဝေသူများထံသို့ ပုံမှန်ဝယ်ယူမှုများနှင့် ဆိုင်သည့် ရောင်းဝယ်မှု အချက်အလက်များကိုလည်း ပေးနိုင်ပါသည်။

ပုံနှိပ်ထုတ်ဝေမှုအတွက် စာရင်းသွင်းခြင်းကို အတည်ပြုခြင်း။ သင်သည် ပုံမှန်ထုတ်ဝေသူ ထံမှ လက်ရှိ ပုံနှိပ်ထုတ်ဝေမှုအတွက် စာရင်းပေးသွင်းမှုမှတစ်ဆင့် Google Play သတင်းစဉ် စာရင်းပေးသွင်းမှုကို အသုံးပြုနေလျှင် သင်၏ ပုံနှိပ်ထုတ်ဝေမှုအတွက် စာရင်းပေးသွင်းခြင်းကို ပုံမှန် ထုတ်ဝေသူနှင့် အတည်ပြုရန် ပြင်ပကုမ္ပဏီ ဝန်ဆောင်မှုပေးသူအား တောင်းဆိုနိုင်ပြီး ထိုသို့ပြုလုပ်ရန်လည်း သင်၏ ပုံနှိပ်ထုတ်ဝေမှုအတွက် စာရင်းပေးသွင်းမှုနှင့် သက်ဆိုင်သည့် အချို့သော အချက်အလက်များကိုလည်း မေးမြန်းနိုင်ပါသည်။ Google သည် ဤအချက်အလက်များကို Google ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ မူဝါဒအရ အသုံးပြုပါမည်။