Google Play ဝန်ဆောင်မှုစည်းမျဉ်းများ

၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၅ ရက်

၁။ မိတ်ဆက်

သက်ဆိုင်သော စည်းမျဉ်းများ။ Google Play ကို အသုံးပြုသည့်အတွက် ကျေးဇူးတင်ပါသည်။ Google Play သည် 1600 Amphitheatre Parkway, Mountain View, California 94043, USA တွင် တည်ရှိသော Google LLC (“Google”“ကျွန်ုပ်တို့” (သို့) “ကျွန်ုပ်တို့ကို”) က ပံ့ပိုးသော ဝန်ဆောင်မှုတစ်ခု ဖြစ်သည်။ Google Play နှင့် ၎င်း၏အက်ပ်များ (Android Instant Apps အပါအဝင်)၊ စနစ်ဝန်ဆောင်မှု၊ ဂိမ်း၊ ရုပ်ရှင်၊ စာအုပ်၊ မဂ္ဂဇင်း (သို့) အခြား ဒစ်ဂျစ်တယ်အကြောင်းအရာ၊ ဝန်ဆောင်မှုများ (ဒစ်ဂျစ်တယ်မီဒီယာ” ဟု ညွှန်းဆိုထားသည်) ကို အသုံးပြုရာတွင် Google Play ဝန်ဆောင်မှုစည်းမျဉ်းများ (“Google Play ToS”) နှင့် Google ဝန်ဆောင်မှုစည်းမျဉ်းများ ("Google ToS") ( ခြုံငုံ၍ “စည်းမျဉ်းများ”ဟု ညွှန်းဆိုထားသည်) ကို လိုက်နာရပါမည်။ Google Play သည် Google ToS တွင် ဖော်ပြထားသည့်အတိုင်း “ဝန်ဆောင်မှု” ဖြစ်ပါသည်။ Google Play ToS နှင့် Google ToS အကြား အငြင်းပွားဖွယ်ရာများ ရှိလျှင် Google Play ToS သည်သာလျှင် အတည်ဖြစ်သည်။

၂။ Google Play ကို အသုံးပြုခြင်း

ဒစ်ဂျစ်တယ်မီဒီယာကို ဝင်ကြည့်ခြင်းနှင့် အသုံးပြုခြင်း။ သင်၏ မိုဘိုင်း၊ ကွန်ပျူတာ၊ TV၊ နာရီ (သို့) အခြား ပံ့ပိုးထားသည့်စက်ပစ္စည်း (“စက်ပစ္စည်း”) အတွက် ‘ဒစ်ဂျစ်တယ်မီဒီယာ’ ကို ဘရောက်စ်လုပ်ရန်၊ ရှာဖွေရန်၊ ကြည့်ရန်၊ တိုက်ရိုက်ဖွင့်ရန်၊ ဒေါင်းလုဒ်လုပ်ရန် Google Play ကို သုံးနိုင်သည်။ Google Play သုံးရန် သက်ဆိုင်ရာ ဒစ်ဂျစ်တယ်မီဒီယာ၊ အလုပ်လုပ်သော အင်တာနက်အသုံးပြုနိုင်မှုနှင့် တွဲသုံးနိုင်သော ဆော့ဖ်ဝဲတို့အတွက် စနစ်နှင့် တွဲသုံးနိုင်မှု သတ်မှတ်ချက်များ နှင့် ကိုက်ညီသော ‘စက်ပစ္စည်း’ လိုအပ်ပါမည်။ ရရှိနိုင်သည့် ‘ဒစ်ဂျစ်တယ်မီဒီယာ’ နှင့် ဝန်ဆောင်မှုများသည် တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကွာခြားနိုင်ပြီး ‘ဒစ်ဂျစ်တယ်မီဒီယာ’ (သို့) ဝန်ဆောင်မှုတိုင်းကို သင့်နိုင်ငံတွင် မရနိုင်ပါ။ အချို့သော ‘ဒစ်ဂျစ်တယ်မီဒီယာ’ ကို မိသားစုဝင်များနှင့် မျှဝေနိုင်ပါမည်။ ‘ဒစ်ဂျစ်တယ်မီဒီယာ’ ကို Google သို့မဟုတ် Google နှင့် ပေါင်းစည်းထားခြင်းမရှိသော ပြင်ပကုမ္ပဏီများက ပေးနိုင်ပါသည်။ Google သည် Google ပြင်ပရှိ အခြားရင်းမြစ်များမှနေ၍ Google Play တွင် ဝန်ဆောင်မှုပေးသည့် ‘ဒစ်ဂျစ်တယ်မီဒီယာ’ အတွက် တာဝန်မယူပါ (သို့) မထောက်ခံပါ။

အသက်ကန့်သတ်ချက်များ။ Google Play သုံးရန် အောက်ပါ အသက်ကန့်သတ်ချက်များ အတိုင်း လိုက်နာသည့် မှန်ကန်သော Google အကောင့် (“Google Account”) ရှိရမည်။ သင့်နိုင်ငံတွင် သင့်ကို အသက်မပြည့်သေးဟု သတ်မှတ်ပါက Google Play သုံးရန်နှင့် ‘စည်းမျဉ်းများ’ လက်ခံရန် သင့်မိဘ (သို့) တရားဝင်အုပ်ထိန်းသူ၏ ခွင့်ပြုချက် ရှိရမည်။ Google Play ပေါ်ရှိ အချို့သော ‘ဒစ်ဂျစ်တယ်မီဒီယာ’၊ ဝန်ဆောင်မှုများ သုံးရန် သက်ဆိုင်ရာ ထပ်ဆောင်း အသက်ကန့်သတ်ချက်များကိုလည်း လိုက်နာရပါမည်။ မိသားစုမန်နေဂျာများ၊ မိသားစုဝင်များသည် ဤ ထပ်ဆောင်းသတ်မှတ်ချက်များ နှင့်လည်း ကိုက်ညီရပါမည်။

ပြင်ပကုမ္ပဏီ ဝန်ဆောင်ခများ။ ‘ဒစ်ဂျစ်တယ်မီဒီယာ’ နှင့် Google Play ကို အသုံးပြုခြင်း၊ ကြည့်ရှုခြင်းတို့နှင့် ဆက်စပ်သော ပြင်ပကုမ္ပဏီ (အင်တာနက်ဝန်ဆောင်မှုပေးသူ၊ မိုဘိုင်းဖုန်းကုမ္ပဏီတို့ကဲ့သို့) ထံမှ အသုံးပြုခ၊ ဒေတာခများအတွက် သင့်တွင် တာဝန်ရှိသည်။

အပ်ဒိတ်များ။ Google Play၊ ပံ့ပိုးထားသည့် သက်ဆိုင်သော ဒစ်ဂျစ်တိုက်များ (သို့) ‘ဒစ်ဂျစ်တယ်မီဒီယာ’ တို့ကို အပ်ဒိတ်လုပ်ရန် လိုအပ်နိုင်သည်။ ဥပမာ ချွတ်ယွင်းချက်ပြင်ဆင်မှုများ၊ လုပ်ဆောင်ချက် တိုးမြှင့်မှုများ၊ ပလတ်အင်လိုအပ်မှုများနှင့် ဗားရှင်းအသစ်များ (ခြုံငုံ၍ “အပ်ဒိတ်များ” ဟူ၍) အတွက် ဖြစ်သည်။ Google Play သုံးရန် (သို့) ဒစ်ဂျစ်တယ်မီဒီယာကို ဝင်ကြည့်ရန်၊ ဒေါင်းလုဒ်လုပ်ရန်၊ အသုံးပြုရန်အတွက် အဆိုပါအပ်ဒိတ်များကို လိုအပ်နိုင်သည်။ ဤ ‘စည်းမျဉ်းများ’ ကို သဘောတူပြီး Google Play ကို အသုံးပြုခြင်းဖြင့် သင်သည် ယင်း ‘အပ်ဒိတ်များ’ ကို အလိုအလျောက် ရယူရန် သဘောတူရာရောက်သည်။ Google Play ရှိ ဆက်တင်များတွင် အချို့သော ‘ဒစ်ဂျစ်တယ်မီဒီယာ’ အတွက် ‘အပ်ဒိတ်များ’ ကို စီမံနိုင်သည်။ သို့သော်လည်း ‘အပ်ဒိတ်’ သည် အလွန်အရေးကြီးသော လုံခြုံရေးဆိုင်ရာ အားနည်းချက် (သို့) ‘ဒစ်ဂျစ်တယ်မီဒီယာ’ နှင့် ပတ်သက်၍ အရေးကြီးသည့် လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ပြဿနာကို ပြင်ဆင်ရန် (သို့) အလွဲသုံးစားပြုလုပ်ခြင်းကို တားဆီးရန်ဖြစ်သည်ဟု ဆုံးဖြတ်ပါက Google Play နှင့် သင့် ‘စက်ပစ္စည်း’ ရှိ ‘အပ်ဒိတ်’ ဆက်တင်များ မည်သို့ပင်ရှိစေကာမူ ‘အပ်ဒိတ်’ ကို ထည့်သွင်းသွားပါမည်။ Google Play မှ ကနဦးဒေါင်းလုဒ်လုပ်ထားသော ‘ဒစ်ဂျစ်တယ်မီဒီယာ’ ကို အခြားအက်ပ်စတိုးက အပ်ဒိတ်လုပ်ရန် ကြိုးစားသည့်အခါ သင်သည် သတိပေးချက် ရရှိနိုင်သည် (သို့) ၎င်းအပ်ဒိတ်ကို လုံးဝတားဆီးထားနိုင်သည်။

သင့်အကြောင်း အချက်အလက်။ Google Play သုံးစဉ် သင်၏ကိုယ်ရေးအချက်အလက်အား ကျွန်ုပ်တို့ကိုင်တွယ်ပုံနှင့် သင်၏ကိုယ်ရေးအချက်အလက် လုံခြုံမှုအား ကာကွယ်ပုံတို့ကို Google ၏ ကိုယ်ရေးအချက်အလက်လုံခြုံမှုဆိုင်ရာ မူဝါဒ တွင် ရှင်းပြထားသည်။ သင်၏ငွေလွှဲပြောင်းမှုများ စီမံဆောင်ရွက်ရန် (သို့) သင့်အား ‘ဒစ်ဂျစ်တယ်မီဒီယာ’ ပံ့ပိုးရန် ရည်ရွယ်ချက်များအတွက် Google သည် သင့်အမည်နှင့် အီးမေးလ်လိပ်စာ ကဲ့သို့သော ကိုယ်ရေးအချက်အလက်များကို ‘ဝန်ဆောင်မှုပေးသူများ’ အား ပေးရန် လိုအပ်နိုင်သည်။ ‘ဝန်ဆောင်မှုပေးသူများ’ သည် ၎င်းတို့၏ ကိုယ်ရေးအချက်အလက်လုံခြုံမှုဆိုင်ရာ မူဝါဒများအရ ဤအချက်အလက်များကို အသုံးပြုရန် သဘောတူပါသည်။

သင်သည် Google Play ရှိ မိသားစုအဖွဲ့၏ အဖွဲ့ဝင်ဖြစ်ပါက မိသားစုအဖွဲ့အတွင်းရှိ မိသားစုဝင်များသည် သင့်အကြောင်း အချို့သောအချက်အလက်များကို တွေ့မြင်နိုင်ပါမည်။ သင်သည် Google Play ရှိ မိသားစုအဖွဲ့တစ်ခု၏ မိသားစုမန်နေဂျာဖြစ်ပါက မိသားစုအဖွဲ့သို့ ပါဝင်ရန် သင်ဖိတ်ကြားထားသော မိသားစုဝင်များသည် သင့်အမည်၊ ဓာတ်ပုံနှင့် အီးမေးလ်လိပ်စာတို့ကို မြင်နိုင်ပါမည်။ မိသားစုအဖွဲ့သို့ မိသားစုဝင်တစ်ယောက်အဖြစ် ပါဝင်ထားလျှင် အခြားမိသားစုဝင်များသည် သင့်အမည်၊ ဓာတ်ပုံနှင့် အီးမေးလ်လိပ်စာတို့ကို မြင်နိုင်ပါမည်။ သင့်မိသားစုမန်နေဂျာသည် သင့်အသက်ကိုလည်း တွေ့မြင်နိုင်မည်ဖြစ်ပြီး ဝယ်ယူထားသည့် ‘ဒစ်ဂျစ်တယ်မီဒီယာ’ ၏ ဖော်ပြချက်အပါအဝင် သတ်မှတ်ထားသည့် မိသားစုငွေပေးချေမှုနည်းလမ်း သုံး၍ ဝယ်ထားသည့်အရာအားလုံး၏ မှတ်တမ်းကိုပါ မြင်ရပါမည်။ မိသားစုမျှဝေခြင်းအတွက် ‘ဒစ်ဂျစ်တယ်မီဒီယာ’ ကို ရနိုင်ပြီး သင်၏မိသားစုအဖွဲ့နှင့် ၎င်းကို မျှဝေထားလျှင် မိသားစုဝင်အားလုံးသည် ၎င်း ‘ဒစ်ဂျစ်တယ်မီဒီယာ’ ကို အသုံးပြုခွင့်ရှိကာ ၎င်းကို သင်ဝယ်ယူထားကြောင်း တွေ့မြင်ရပါမည်။

ခွင့်ပြုချက်မရှိဘဲ အကောင့်များကို သုံးခြင်း။ သင့်အကောင့် အသေးစိတ်အချက်များကို လုံခြုံစွာ ထားရှိရမည်ဖြစ်ပြီး မည်သူနှင့်မျှ မမျှဝေရပါ။ အကောင့်အမည်များ အပါအဝင် Google Play အသုံးပြုသူ (သို့) Google Play မှတစ်ဆင့် အခြား ‘Google ဝန်ဆောင်မှုများ’ သုံးသူများထံမှ ကိုယ်ရေးအချက်အလက် ရယူခြင်း၊ စုဆောင်းခြင်း မပြုလုပ်ရပါ။

အပိတ်ခံထားရသည့် အကောင့်များ။ Google သည် ‘စည်းမျဉ်းများ’ အရ (ဥပမာ သင်သည် ‘စည်းမျဉ်းများ’ ကို ဖောက်ဖျက်ပါက) သင့်အကောင့် အသုံးပြုခွင့်ကို ပိတ်လိုက်ပါက Google Play၊ သင့်အကောင့် အသေးစိတ်အချက်အလက်များ (သို့) သင့်အကောင့်တွင် သိမ်းထားသည့် ဖိုင်နှင့် အခြား ‘ဒစ်ဂျစ်တယ်မီဒီယာ’ အားလုံးကို သင်သုံး၍မရနိုင်တော့ပါ။ နောက်ထပ်အချက်အလက်အတွက် ကူညီရေးဌာန ကို ကြည့်ပါ။ သင်သည် Google Play ရှိ မိသားစုတစ်ခု၏ မိသားစုမန်နေဂျာဖြစ်ပြီး Google က သင့်အကောင့်သုံးခွင့်ကို ပိတ်လိုက်ပါက မိသားစုဝင်များသည် မိသားစုငွေပေးချေမှုနည်းလမ်း၊ မိသားစု စာရင်းသွင်းမှုများ (သို့) မိသားစုဝင်များက မျှဝေထားသည့် ‘ဒစ်ဂျစ်တယ်မီဒီယာ’ ကဲ့သို့သော မိသားစုအဖွဲ့ဝင်ဖြစ်ရန် လိုအပ်သည့် ဝန်ဆောင်မှုများကို သုံးခွင့်ဆုံးရှုံးနိုင်သည်။ သင်သည် Google Play ရှိ မိသားစုတစ်ခု၏ မိသားစုဝင်ဖြစ်ပြီး Google က သင့်အကောင့်ကို ပိတ်လိုက်ပါက သင်မျှဝေထားသည့် ‘ဒစ်ဂျစ်တယ်မီဒီယာ’ ကို သင်၏မိသားစုဝင်များက သုံးခွင့်မရှိတော့ပါ။

မဲလ်ဝဲအကာအကွယ်။ အန္တရာယ်ရှိသော ပြင်ပကုမ္ပဏီဆော့ဖ်ဝဲ၊ URL များနှင့် အခြား လုံခြုံရေးပြဿနာများမှ ကာကွယ်ပေးရန် Google သည် သင့် ‘စက်ပစ္စည်း’ ၏ ကွန်ရက်ချိတ်ဆက်မှုများ၊ အန္တရာယ်ရှိနိုင်သည့် URL များ၊ လည်ပတ်သည့်စနစ်နှင့် Google Play (သို့) အခြားရင်းမြစ်များမှ သင့် ‘စက်ပစ္စည်း’ တွင် ထည့်သွင်းထားသည့် အက်ပ်များနှင့် ပတ်သက်သည့် အချက်အလက်များကို ရယူနိုင်ပါသည်။ အက်ပ်၊ URL သည် လုံခြုံမှုမရှိဟု ယူဆပါက Google သည် သင့်ကို သတိပေးမည် (သို့) ၎င်းသည် စက်ပစ္စည်း၊ ဒေတာ၊ အသုံးပြုသူများအတွက် အန္တရာယ်ရှိနိုင်ပါက သင့် ‘စက်ပစ္စည်း’ တွင် မထည့်သွင်းနိုင်ရန် Google က ၎င်းကို ဖယ်ရှားနိုင်၊ ပိတ်ထားနိုင်သည်။ ဤအကာအကွယ်အချို့ကို သင့် ‘စက်ပစ္စည်း’ ရှိ ဆက်တင်များတွင် ပိတ်နိုင်သော်လည်း Google သည် Google Play မှတစ်ဆင့် ထည့်သွင်းထားသည့် အက်ပ်များနှင့် ပတ်သက်သည့် အချက်အလက်များ ဆက်လက်ရယူနိုင်ပြီး အခြားရင်းမြစ်များမှ သင့် ‘စက်ပစ္စည်း’ တွင် ထည့်သွင်းထားသည့် အက်ပ်များကိုမူ Google သို့ အချက်အလက်များ မပို့ဘဲ လုံခြုံရေးပြဿနာများကို ဆက်လက်စိစစ်သွားမည်။

Android Instant Apps။ သင့် ‘စက်ပစ္စည်း’ ပေါ်ရှိ လင့်ခ်တစ်ခုကို နှိပ်လိုက်သည့်အခါ Google Play က သက်ဆိုင်ရာ အသင့်သုံးအက်ပ်ရှိမရှိ စစ်ဆေးပြီး ရှိပါက အသင့်သုံးအက်ပ်အတွင်းတွင် လင့်ခ်ကို ဖွင့်ပေးပါမည်။ ဖွင့်လိုက်သည့် အသင့်သုံးအက်ပ်၏ တစ်စိတ်တစ်ပိုင်းကို အသုံးပြုရန် လိုအပ်သည့်ကုဒ်အားလုံးကို သင့် ‘စက်ပစ္စည်း’ သို့ ဒေါင်းလုဒ်လုပ်ပြီး ယာယီသိမ်းသွားမည်။ အသင့်သုံးအက်ပ်အတွက် အက်ပ်အသေးစိတ်အချက်များကို Google Play Store တွင် တွေ့နိုင်သည်။ Android Instant Apps ဒေတာများနှင့် ဆက်တင်များကို သင့် Google အကောင့်နှင့် လက်မှတ်ထိုးဝင်ထားသည့် စက်ပစ္စည်းများသို့ စင့်ခ်လုပ်သွားပါမည်။ သင့် ‘စက်ပစ္စည်း’ ၏ ဆက်တင်များတွင် Android Instant Apps များကို ပိတ်နိုင်သည်။

ဤ ‘စည်းမျဉ်းများ’ ရှိ အပြောင်းအလဲများ။ Google Play ToS ပြောင်းပါက သင့်ကို အနည်းဆုံးရက် ၃၀ ကြိုတင်အသိပေးမည်ဖြစ်ပြီး Google Play ToS အသစ်သည် ၎င်းအသိပေးမှုကာလ အပြီးတွင် သက်ရောက်ပါမည်။ ၎င်းအသိပေးမှုကာလ ပြီးနောက် Google Play ကို ဆက်လက်အသုံးပြုခြင်းဖြင့် သင်သည် Google Play ToS အသစ်ကို သဘောတူရာရောက်သည်။ Google Play ToS အသစ်သည် ‘ဒစ်ဂျစ်တယ်မီဒီယာ’ အားလုံး (ယခင်က သင်ထည့်သွင်းခဲ့သော၊ ဝယ်ယူခဲ့သော ‘ဒစ်ဂျစ်တယ်မီဒီယာ’ အပါအဝင်) နှင့် နောက်ဆက်တွဲ ထည့်သွင်းမှုများ၊ ဝယ်ယူမှုများအားလုံးသို့ သက်ရောက်မှု ရှိပါမည်။ ထိုအပြောင်းအလဲများကို သင်သဘောမတူပါက ယခင်က ဝယ်ယူထားသော၊ ထည့်သွင်းထားသော ‘ဒစ်ဂျစ်တယ်မီဒီယာ’ ကို ဒေါင်းလုဒ်လုပ်ခွင့် ရရှိမည်ဖြစ်ပြီး သင်၏ Google Play အသုံးပြုခွင့်ကို ရပ်ဆိုင်းလိုက်ပါမည်။ သင့် ‘စက်ပစ္စည်းများ’ တွင် သင်လက်ခံထားသည့် နောက်ဆုံး Google Play ToS အရ ၎င်း ‘ဒစ်ဂျစ်တယ်မီဒီယာ’ မိတ္တူကို ဆက်လက်ကြည့်ရှုနိုင်ပါမည်။

၃။ ဝယ်ယူမှုများနှင့် ငွေပေးချေမှုများ

အခမဲ့ ဒစ်ဂျစ်တယ်မီဒီယာ။ Google သည် Google Play ရှိ ‘ဒစ်ဂျစ်တယ်မီဒီယာ’ ကို အခမဲ့ဒေါင်းလုဒ်လုပ်ရန်၊ ကြည့်ရန် (သို့) အသုံးပြုရန် သင့်အား ခွင့်ပြုပေးနိုင်ပါသည်။ အချို့သော အခမဲ့ ‘ဒစ်ဂျစ်တယ်မီဒီယာ’ ကို ကြည့်ခြင်းနှင့် အသုံးပြုခြင်းအတွက် နောက်ထပ်ကန့်သတ်ချက်များ ရှိနိုင်သည်။

ဒစ်ဂျစ်တယ်မီဒီယာ ဝယ်ယူခြင်း။ Google Play အသုံးပြု၍ ‘ဒစ်ဂျစ်တယ်မီဒီယာ’ ကို ဝယ်ယူသည့်အခါ (သို့) ၎င်းပေါ်ရှိ ‘ဒစ်ဂျစ်တယ်မီဒီယာ’ ကို ဝယ်ယူသည့်အခါ ဤ ‘စည်းမျဉ်းများ’ (သက်ဆိုင်မှုရှိလျှင်) ပေါ်အခြေခံ၍ ရောင်းသူနှင့် သီးခြားအရောင်းစာချုပ် ချုပ်ဆိုသွားမည်ဖြစ်ပြီး အောက်ပါတို့အနက်မှ တစ်ခုဖြစ်နိုင်ပါသည်−

(က)Google Digital Inc. (သို့)

(ခ)ဒစ်ဂျစ်တယ်မီဒီယာ ဝန်ဆောင်မှုပေးသူ (“ဝန်ဆောင်မှုပေးသူ”)၊ ဝန်ဆောင်မှုပေးသူ အတွက် Google Digital Inc. က ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ပေးခြင်း အပါအဝင် ဖြစ်သည်။

သီးခြားအရောင်းစာချုပ်သည် ဤ ‘စည်းမျဉ်းများ’ အပြင် ထပ်ဆောင်းဖြည့်ခြင်းဖြစ်သည်။

‘ဝန်ဆောင်မှုပေးသူ’ အတွက် Google က ကိုယ်စားလှယ်အဖြစ် ပြုလုပ်ပေးသည့် ရောင်းချမှုများအတွက် Google ToS သည် “ပြင်ပကုမ္ပဏီ အကျိုးခံစားခွင့်များ ပေးခြင်းမရှိ” ဟူသော Google ToS ရှိ ကြေညာချက်သည် သင်၏ Google Play အသုံးပြုမှုအပေါ် သက်ရောက်မှု မရှိပါ။

‘ဒစ်ဂျစ်တယ်မီဒီယာ’ ကို ဝယ်ယူမှုအတွက် Google ထံမှ အတည်ပြုအီးမေးလ် လက်ခံရရှိသည့်နောက် ‘ဒစ်ဂျစ်တယ်မီဒီယာ’ ဝယ်ယူမှုနှင့် အသုံးပြုမှုအတွက် စာချုပ်ပြီးမြောက်သွားပြီး ဝယ်ယူမှုပြီးမြောက်သည်နှင့် ဤစာချုပ် စတင်အကျိုးသက်ရောက်ပါမည်။

ကြိုတင်မှာယူမှုများ။ ‘ဒစ်ဂျစ်တယ်မီဒီယာ’ ကို ကြိုတင်မှာယူရာတွင် ၎င်း ‘ဒစ်ဂျစ်တယ်မီဒီယာ’ ကို သင်ရရှိသည့်အခါ ဝယ်ယူမှုနှင့် အသုံးပြုမှုစာချုပ် ပြီးမြောက်သွားပြီး ထိုအချိန်တွင် ဝယ်ယူမှုအတွက် ကျသင့်ငွေတောင်းခံပါမည်။ ‘ဒစ်ဂျစ်တယ်မီဒီယာ’ ကို သင်ရရှိနိုင်သည့် အချိန်အထိ သင်၏ကြိုတင်မှာယူမှုကို အချိန်မရွေး ပယ်ဖျက်နိုင်ပါသည်။ ‘ဒစ်ဂျစ်တယ်မီဒီယာ’ ကို မရရှိမီ Google Play မှတစ်ဆင့် ရောင်းချမှုကို ရုပ်သိမ်းလိုက်ပါက သင်၏ကြိုတင်မှာယူမှုကို ပယ်ဖျက်လိုက်မည်ဖြစ်ပြီး သင်၏မှာယူမှု မပြီးမြောက်မီ စျေးနှုန်းအပြောင်းအလဲများ ရှိလာပါက သင်၏ကြိုတင်မှာယူမှုကို ကျွန်ုပ်တို့က ပယ်ဖျက်ခွင့်ရှိပါသည်။

မိသားစုငွေပေးချေမှုနည်းလမ်း။ သင်သည် Google Play ရှိ မိသားစုအဖွဲ့တစ်ခု၏ မိသားစုမန်နေဂျာဖြစ်ပါက Google Play နှင့် အက်ပ်များအတွင်း သင်၏မိသားစုဝင်များက ‘ဒစ်ဂျစ်တယ်မီဒီယာ’ ကို ဝယ်ယူနိုင်ရန် မှန်ကန်သည့် မိသားစုငွေပေးချေမှုနည်းလမ်းကို စနစ်ထည့်သွင်းရပါမည်။ သင့်မိသားစုဝင်များက မိသားစုငွေပေးချေမှုနည်းလမ်း သုံး၍ ဝယ်ယူသော ‘ဒစ်ဂျစ်တယ်မီဒီယာ’ အားလုံးအတွက် သင့်တွင် တာဝန်ရှိပါမည်။ မိသားစုအဖွဲ့ကို ဖျက်လိုက်ပါက (သို့) မိသားစုဝင်တစ်ဦး အဖွဲ့မှ ထွက်ခွာသွားပါက မိသားစုဝင်များက မိသားစုငွေပေးချေမှုနည်းလမ်း သုံး၍ ပြုလုပ်ထားသော ဆောင်ရွက်ဆဲ ဝယ်ယူမှုများအတွက် သင့်ကို ကျသင့်ငွေ တောင်းခံနိုင်ပါသည်။

Google Payments။ Google Play မှတစ်ဆင့် ‘ဒစ်ဂျစ်တယ်မီဒီယာ’ ဝယ်ယူနိုင်ရန် သင့်တွင် Google Payments အကောင့် ရှိရမည်ဖြစ်ပြီး Google Payments ဝန်ဆောင်မှုစည်းမျဉ်းများ ကို သဘောတူရပါမည်။ Google Payments အကောင့်သုံး၍ ‘ဒစ်ဂျစ်တယ်မီဒီယာ’ ဝယ်ယူတိုင်း Google Payments ကိုယ်ရေးအချက်အလက်လုံခြုံမှုဆိုင်ရာ ထုတ်ပြန်ချက် သက်ရောက်မှုရှိပါမည်။ သင့် Google Payments အကောင့်ဖြင့် Google Play မှတစ်ဆင့် ဝယ်ယူမှုများနှင့် ဆက်စပ်နေသည့် ပေးချေစရာအားလုံးအတွက် သင့်တွင်တာဝန်ရှိပါသည်။

အခြား ငွေပေးချေမှုလုပ်ဆောင်သည့် နည်းလမ်းများ။ Google Play မှတစ်ဆင့် ‘ဒစ်ဂျစ်တယ်မီဒီယာ’ ဝယ်ယူရန်အတွက် Google သည် Google Payments အပြင် ငွေပေးချေမှုလုပ်ဆောင်သည့် နည်းလမ်းများစွာကို စီစဉ်ပေးထားနိုင်သည်။ Google နှင့်သော်လည်းကောင်း၊ ပြင်ပကုမ္ပဏီ နှင့်သော်လည်းကောင်း ပေးထားသည့် ငွေပေးချေမှုလုပ်ဆောင်သည့် နည်းလမ်း အသုံးပြုမှုကို ကြီးကြပ်ပေးသည့် သက်ဆိုင်ရာ စည်းမျဉ်းများနှင့် အခြေအနေများ (သို့) အခြား ဥပဒေဆိုင်ရာ သဘောတူညီချက်များကို လိုက်နာရပါမည်။ Google သည် ၎င်း၏ဆန္ဒအလျောက် ငွေပေးချေမှုလုပ်ဆောင်သည့် နည်းလမ်းများအား ထည့်သွင်းခြင်း (သို့) ဖယ်ရှားခြင်းတို့ ပြုလုပ်နိုင်ပါသည်။ သင် Google Play တွင် ဝယ်ယူသည့်အရာများနှင့် ဆက်စပ်သည့် ငွေပေးချေစရာအားလုံးအတွက် သင့်တွင်သာတာဝန်ရှိပါသည်။

မိုဘိုင်းဖုန်းကုမ္ပဏီမှတစ်ဆင့် ငွေတောင်းခံခြင်းကို အသုံးပြုနိုင်မှု။ သင့် ‘စက်ပစ္စည်းများ’ မှတစ်ဆင့် ဝယ်ယူလိုက်သည့် ‘ဒစ်ဂျစ်တယ်မီဒီယာ’ အတွက် သင်၏ ကွန်ရက်ဝန်ဆောင်မှုပေးသူ၏ အကောင့်သို့ ငွေတောင်းခံခွင့်ရှိမရှိ ဆုံးဖြတ်နိုင်ရန် ‘စက်ပစ္စည်း’ တစ်ခုပေါ်တွင် Google Play အကောင့်ဖွင့်သည့်အခါ စာရင်းသွင်းသူ ID နှင့် ဆင်းမ်ကတ် နံပါတ်စဉ်ကဲ့သို့သော သင့် ‘စက်ပစ္စည်း’ ၏ သတ်မှတ်မှုစနစ်များကို သင့်ကွန်ရက်ဝန်ဆောင်မှုပေးသူထံ ပို့ပါမည်။ ၎င်းကိုခွင့်ပြုရန် သင်သည် ကွန်ရက်ဝန်ဆောင်မှုပေးသူ၏ ဝန်ဆောင်မှုစည်းမျဉ်းများကို လက်ခံရပါမည်။ ကွန်ရက်ဝန်ဆောင်မှုပေးသူသည် သင်၏ ငွေတောင်းခံလွှာပို့သောလိပ်စာ အချက်အလက်များကို ကျွန်ုပ်တို့ထံ ပို့နိုင်သည်။ ဤအချက်အလက်များကို Google ကိုယ်ရေးအချက်အလက်လုံခြုံမှုဆိုင်ရာ မူဝါဒများ၊ Google Payments ကိုယ်ရေးအချက်အလက်လုံခြုံမှုဆိုင်ရာ ထုတ်ပြန်ချက် တို့နှင့်အညီ ထားရှိပါမည် (သို့) အသုံးပြုပါမည်။

ဈေးနှုန်း။ Google Play တွင် ဖော်ပြထားသည့် ‘ဒစ်ဂျစ်တယ်မီဒီယာ’ အားလုံး၏ ဈေးနှုန်းနှင့် ရရှိနိုင်မှုတို့သည် မဝယ်ယူမီ အချိန်မရွေး ပြောင်းလဲနိုင်သည်။

အခွန်များ။“အခွန်များ” ဆိုသည်မှာ သက်ဆိုင်ရာ ဒဏ်ငွေ (သို့) အတိုးငွေအားလုံး အပါအဝင် ‘ဒစ်ဂျစ်တယ်မီဒီယာ’ ရောင်းချမှုနှင့် ဆက်စပ်နေသည့် အကောက်ခွန်၊ အကောက်ခွန်ကြေးများ၊ စည်းကြပ်ရရှိငွေများ၊ အခွန်များ (ဝင်ငွေခွန်မှလွဲ၍) အားလုံးကို ဆိုလိုသည်။ ‘အခွန်’ ပေးရန် သင့်တွင်တာဝန်ရှိပြီး ‘ဒစ်ဂျစ်တယ်မီဒီယာ’ အတွက် အခွန်လျော့ပေါ့ခြင်း မရှိဘဲ ပေးချေရပါမည်။ ‘ဒစ်ဂျစ်တယ်မီဒီယာ’ ရောင်းချသူ သို့မဟုတ် Google သည် အခွန်ကောက်ခံရန် သို့မဟုတ် ပေးရန် တာဝန်ရှိသည့်အခါ အခွန်များကို သင့်ထံမှ ကောက်ခံသွားပါမည်။ Google Play ပေါ်တွင် သို့မဟုတ် ထိုမှတစ်ဆင့် ဝယ်ယူထားသော ‘ဒစ်ဂျစ်တယ်မီဒီယာ’ သို့မဟုတ် သင်၏ Google Play အသုံးပြုမှုနှင့် စပ်လျဉ်း၍ ပေးချေရနိုင်သည့် ‘အခွန်များ’ အတွက် အစီရင်ခံခြင်းနှင့် ပေးချေခြင်းတို့အပါအဝင် သက်ဆိုင်ရာ အကောက်ခွန်ဥပဒေများကို လိုက်နာရပါမည်။ ထိုကဲ့သို့သော သက်ဆိုင်ရာ ‘အခွန်များ’ အတွက် အကြောင်းကြားခြင်းနှင့် ပေးချေခြင်းတို့သည် သင့်တာဝန်ဖြစ်သည်။

ရောင်းချမှုအားလုံးသည် အတည်ဖြစ်သည်။ ရုပ်သိမ်းခွင့်၊ ပယ်ဖျက်ခွင့် (သို့) ငွေပြန်အမ်းရန် ပစ္စည်းပြန်ပို့ခွင့်တို့အကြောင်း ပိုမိုသိရှိရန် Google Play ၏ ပြန်အမ်းငွေဆိုင်ရာ မူဝါဒ ကို ကြည့်ပါ။ Google ToS၊ Google Play ၏ ပြန်အမ်းငွေဆိုင်ရာ မူဝါဒ (သို့) ‘ဝန်ဆောင်မှုပေးသူ’ ၏ ပြန်အမ်းငွေဆိုင်ရာ မူဝါဒများတွင် အတိအလင်းဖော်ပြထားသည်မှ လွဲ၍ ရောင်းချမှုအားလုံးသည် အတည်ဖြစ်ပြီး ပစ္စည်းပြန်ပို့ခြင်း၊ အစားထိုးခြင်း (သို့) ငွေပြန်အမ်းခြင်းတို့ကို ခွင့်မပြုပါ။ ဝယ်ယူမှုတစ်ခုခုအတွက် ပစ္စည်းအစားထိုးပေးရန်၊ ပြန်ပို့ရန် (သို့) ငွေပြန်အမ်းရန် ခွင့်ပြုပါက ငွေပြန်လွှဲပေးနိုင်ပြီး ထိုငွေပေးချေမှုမှတစ်ဆင့် ရယူထားသည့် ‘ဒစ်ဂျစ်တယ်မီဒီယာ’ ကို သင်ဖွင့်၍မရတော့ပါ။

စာရင်းသွင်းမှုများ။ စာရင်းသွင်းမှုများအတွက် ငွေပေးချေသည့် ဝန်ဆောင်မှုကာလ ရောက်တိုင်း (အပတ်စဉ်၊ လစဉ်၊ နှစ်စဉ် သို့မဟုတ် အချိန်အတိုင်းအတာနောက်တစ်ခု) အလိုအလျောက် ကျသင့်ငွေတောင်းခံသွားမည်ဖြစ်ပြီး ငွေပေးချေသည့် ဝန်ဆောင်မှုကာလတစ်ခုစီ မရောက်မီ အစောဆုံး ၂၄ နာရီအတွင်း တောင်းခံနိုင်ပါသည်။

(က)အစမ်းကာလများ။ ဈေးနှုန်းတစ်ခုဖြင့် ‘ဒစ်ဂျစ်တယ်မီဒီယာ’ ကို စာရင်းသွင်းသည့်အခါ သတ်မှတ်ထားသော အစမ်းကာလအတွင်း စာရင်းသွင်းမှု အကျိုးခံစားခွင့်များကို အခမဲ့အသုံးပြုနိုင်ပြီး ၎င်းနောက်တွင် စာရင်းသွင်းမှုကို သင်မပယ်ဖျက်မချင်း ကျသင့်ငွေတောင်းခံသွားပါမည်။ ကျသင့်ငွေမတောင်းခံရန် အစမ်းကာလ မပြီးဆုံးမီ ပယ်ဖျက်ရပါမည်။ အခြားသတ်မှတ်ဖော်ပြထားခြင်း မရှိလျှင် စမ်းသပ်အသုံးပြုမှုကို သင်က ပယ်ဖျက်လိုက်သည်နှင့် ‘ဒစ်ဂျစ်တယ်မီဒီယာ’ နှင့် စာရင်းသွင်းမှု အကျိုးခံစားခွင့်များ သုံးခွင့်ကို ချက်ချင်းဆုံးရှုံးပါမည်။ အဆိုပါ အစမ်းကာလများ သုံးခွင့်ကို ပေးထားသည့်ကာလ (သို့) အခြား ကန့်သတ်ချက်များအတွင်း အသုံးပြုသူတစ်ဦးချင်းစီအတွက် အစမ်းအသုံးပြုခွင့် အကြိမ်ရေတစ်ခုသို့ ကန့်သတ်ထားနိုင်သည်။

(ခ)ပယ်ဖျက်ခြင်းများ။ စာရင်းသွင်းမှုကို ကူညီရေးဌာန တွင် ဖော်ပြထားသည့်အတိုင်း သက်ဆိုင်ရာ ငွေပေးချေသည့် ဝန်ဆောင်မှုကာလ မကုန်ဆုံးမီ အချိန်မရွေးပယ်ဖျက်နိုင်ပြီး ပယ်ဖျက်ခြင်းသည် နောက်လာမည့် ဝန်ဆောင်မှုကာလအတွက် သက်ရောက်မှုရှိပါမည်။ ဥပမာ သင်သည် လပေးစာရင်းသွင်းခြင်းကို ဝယ်ယူလိုက်လျှင် စာရင်းသွင်းမှု၏ မည်သည့်လအတွင်းတွင်မဆို ၎င်းစာရင်းသွင်းမှုကို အချိန်မရွေးပယ်ဖျက်နိုင်ပြီး ယင်းလက်ရှိ ငွေပေးချေသည့် ဝန်ဆောင်မှုကာလ အဆုံးတွင် စာရင်းပေးသွင်းမှုကို ပယ်ဖျက်ပါမည်။ Google Play ၏ ပြန်အမ်းငွေဆိုင်ရာ မူဝါဒ တွင် ဖော်ပြထားသည်မှလွဲ၍ (ဥပမာ ‘ဒစ်ဂျစ်တယ်မီဒီယာ’ ချွတ်ယွင်းနေသည့်အခါ) လက်ရှိ ငွေပေးချေသည့် ဝန်ဆောင်မှုကာလအတွက် ပြန်အမ်းငွေကို ရရှိမည်မဟုတ်ပါ။

(ဂ)ပုံနှိပ်ထုတ်ဝေမှု စာရင်းသွင်းသူများအတွက် လျှော့ဈေးများ။ သင်သည် ပုံနှိပ်ထုတ်ဝေမှု စာရင်းသွင်းထားသူဖြစ်ပါက Google Play ပေါ်တွင် ပုံမှန်ထုတ်ဝေသည့် ‘ဒစ်ဂျစ်တယ်မီဒီယာ’ ကို ပုံမှန် ‘ဝန်ဆောင်မှုပေးသူ’ အချို့က သင့်အား လျှော့ဈေးဖြင့် စာရင်းသွင်း ဝယ်ယူခွင့်ပြုနိုင်သည်။ သင်သည် အဆိုပါ ပုံမှန် ပုံနှိပ်ထုတ်ဝေမှု စာရင်းသွင်းခြင်းကို ပယ်ဖျက်လိုက်လျှင် (သို့) သင်၏ ပုံနှိပ်ထုတ်ဝေမှု စာရင်းသွင်းခြင်း သက်တမ်းကုန်သွားပြီး သက်တမ်းတိုးမထားလျှင် Google Play ပေါ်ရှိ လျှော့ဈေးပေးထားသည့် ‘ဒစ်ဂျစ်တယ်မီဒီယာ’ စာရင်းသွင်းမှာယူမှုနှုန်းထားကို အလိုအလျောက် ပယ်ဖျက်လိုက်ပါမည်။

(ဃ)ဈေးတက်ခြင်းများ။ စာရင်းသွင်းမှုကို ဝယ်ယူပါက စာရင်းပေးသွင်းရန် သဘောတူညီထားသည့် အချိန်တွင် သတ်မှတ်ထားသည့် ငွေပမာဏကို ကနဦး ကောက်ခံသွားပါမည်။ နောက်ပိုင်းတွင် စာရင်းသွင်းမှုအတွက် ဈေးတက်သွားပါက Google သည် သင့်အား အကြောင်းကြားပါမည်။ အပြောင်းအလဲမလုပ်မီ သင့်အား အနည်းဆုံး ရက် ၃၀ ကြိုတင်သတိပေးမည်ဖြစ်ပြီး သတိပေးချက်ရရှိပြီးနောက် လာမည့်ငွေပေးချေမှုမှစ၍ တိုးမြှင့်တောင်းခံပါမည်။ ရက် ၃၀ ထက် နည်း၍ ကြိုတင်သတိပေးချက် ရရှိပါက လာမည့်ငွေပေးချေမှုအပြီး နောက်ထပ်ပေးချေမှုမှစ၍ တိုးမြှင့်တောင်းခံပါမည်။ စာရင်းသွင်းမှုအတွက် ‌ဈေးတိုးမြှင့်တောင်းခံခြင်းကို မပေးလိုလျှင် ဤစည်းမျဉ်းများအတွင်းရှိ ‘ပယ်ဖျက်ခြင်း’ ကဏ္ဍတွင် ဖော်ပြထားသည့်အတိုင်း စာရင်းသွင်းမှုကို ပယ်ဖျက်နိုင်ပြီး လက်ရှိ ငွေပေးချေသည့် ဝန်ဆောင်မှုကာလ မကုန်ဆုံးမီ ကျွန်ုပ်တို့ကို အကြောင်းကြားထားပါက စာရင်းသွင်းမှုအတွက် နောက်ထပ် ငွေတောင်းခံမည် မဟုတ်ပါ။ ဝန်ဆောင်မှုပေးသူက စာရင်းပေးသွင်းမှုအတွက် စျေးမြှင့်လိုက်ပြီး သင်၏ သဘောတူညီချက် လိုအပ်သည့် အခါမျိုးတွင် စျေးနှုန်းအသစ်ကို သင်က သဘောမတူပါက Google သည် သင့်စာရင်းပေးသွင်းမှုကို ပယ်ဖျက်နိုင်ပါသည်။ သင်၏ စာရင်းပေးသွင်းမှုကို ပယ်ဖျက်လိုက်ပြီးသည့် နောက်ပိုင်းတွင် ပြန်လည်၍ စာရင်းပေးသွင်းလိုလျှင် ယင်းအချိန်ရှိ စာရင်းပေးသွင်းမှု စျေးနှုန်းအတိုင်း ကောက်ခံသွားပါမည်။

၄။ အခွင့်အရေးနှင့် ကန့်သတ်ချက်များ

ဒစ်ဂျစ်တယ်မီဒီယာ သုံးခွင့် လိုင်စင်။ ငွေလွှဲပြီးသည့်အခါ (သို့) ‘ဒစ်ဂျစ်တယ်မီဒီယာ’ အတွက် သက်ဆိုင်ရာအခကြေးငွေ ပေးချေပြီးသည့်အခါ ဤ ‘စည်းမျဉ်းများ’ နှင့် ဆက်စပ်မူဝါဒများတွင် အတိအလင်းဖော်ပြထားသည့်အတိုင်း သင်၏ တစ်ကိုယ်ရေနှင့် စီးပွားဖြစ်မဟုတ်သော အသုံးပြုမှုအတွက်သာ သက်ဆိုင်ရာ ‘ဒစ်ဂျစ်တယ်မီဒီယာ’ ၏ မိတ္တူများကို သင်၏ ‘စက်ပစ္စည်းများ’ ပေါ်တွင် (သို့) အခြားခွင့်ပြုထားသည့်နည်းလမ်းအတိုင်း သိမ်းရန်၊ ဝင်သုံးရန်၊ ကြည့်ရှုရန်၊ အသုံးပြုရန်နှင့် ပြသရန်အတွက်ဖြစ်သော သီးသန့်မဟုတ်သည့် အခွင့်အရေး ရရှိပါမည်။ ‘စည်းမျဉ်းများ’ ထဲတွင် သင့်အား အတိအလင်း ပေးအပ်မထားသော Google Play၊ ‘ဒစ်ဂျစ်တယ်မီဒီယာ’ တို့နှင့်သက်ဆိုင်သည့် အခွင့်အရေး၊ ပိုင်ဆိုင်မှုနှင့် အကျိုးအမြတ်အားလုံးကို သီးသန့်ထားရှိပါသည်။ အက်ပ်နှင့် ဂိမ်းများ အသုံးပြုမှုကို သင်နှင့် ‘ဝန်ဆောင်မှုပေးသူ’ အကြား ထားရှိသည့် အသုံးပြုသူ လိုင်စင် သဘောတူညီချက်ရှိ ထပ်တိုးစည်းမျဉ်းနှင့် အခြေအနေများက ကြီးကြပ်ထားနိုင်သည်။

လိုင်စင် စည်းမျဉ်းများ ချိုးဖောက်ခြင်း။ ‘စည်းမျဉ်း’ တစ်ခုခုကို ချိုးဖောက်ထားပါက ဤလိုင်စင်အရ သင့်အခွင့်အရေးများကို ချက်ခြင်းလက်ငင်း ရပ်စဲလိုက်မည်ဖြစ်ပြီး သင့်အား ငွေပြန်မအမ်းဘဲ Google Play၊ ‘ဒစ်ဂျစ်တယ်မီဒီယာ’ (သို့) သင်၏ Google Account အသုံးပြုခွင့်တို့ကို Google က ရပ်ဆိုင်းလိုက်နိုင်သည်။

ကန့်သတ်ချက်များ-- အောက်ပါတို့ကို မပြုလုပ်ရပါ-

ပြင်ပကုမ္ပဏီ၏ ဝန်ဆောင်မှုများ။ ဤ ‘စည်းမျဉ်းများ’ နှင့် ကွဲလွဲသောအချက်များ မည်သို့ပင်ရှိစေကာမူ Google သို့ လိုင်စင်လျှောက်ထားသည့် ပြင်ပကုမ္ပဏီများသည် ၎င်းတို့၏ ‘ဒစ်ဂျစ်တယ်မီဒီယာ’ နှင့် တိုက်ရိုက်သက်ဆိုင်သည့် ဤ ‘စည်းမျဉ်းများ’ ၏ သီးခြားပြဋ္ဌာန်းချက်များ (“ပြင်ပကုမ္ပဏီဆိုင်ရာ ပြဋ္ဌာန်းချက်များ”) နှင့် စပ်လျဉ်း၍သာလျှင် ထိုပြင်ပကုမ္ပဏီများက ‘ဒစ်ဂျစ်တယ်မီဒီယာ’ တွင် ၎င်းတို့၏အခွင့်အရေးများ ထည့်သွင်းနိုင်ရန် ရည်ရွယ်ချက်အတွက်သာ ဤ ‘စည်းမျဉ်းများ’ အရ အကျိုးခံစားခွင့်ရှိသူများ ဖြစ်သည်။ ရှင်းလင်းစွာဆိုရလျှင် ပြင်ပကုမ္ပဏီ၏ ဝန်ဆောင်မှုတွင်မပါဝင်သော ဝန်ဆောင်မှုများနှင့် စပ်လျဉ်း၍ ဤ ‘စည်းမျဉ်းများ’ ရှိ မည်သည့်အရာကမှ ပြင်ပကုမ္ပဏီအား အကျိုးခံစားခွင့်မပေးပါ။ ဤ ‘စည်းမျဉ်းများ’ တွင် ရည်ညွှန်းဖော်ပြခြင်းဖြင့် ထည့်သွင်းထားသော သဘောတူညီချက်များ (သို့) ပူးတွဲဆောင်ရွက်ခြင်း မပြုဘဲ ညွှန်းဆိုထားနိုင်သော အရာများ အပါအဝင်ဖြစ်သော်လည်း ကန့်သတ်ထားခြင်းမရှိပါ။

Google Play မူဝါဒများ။Google Play တွင် သုံးသပ်ချက်များ ပို့စ်တင်ခြင်းသည် အောက်ပါ မူဝါဒများ နှင့်အညီ ဖြစ်ရမည်။ အလွဲသုံးစားပြုခြင်း (သို့) ‘ဒစ်ဂျစ်တယ်မီဒီယာ’ ဆိုင်ရာ အခြားချိုးဖောက်ခြင်းများကို တိုင်ကြားလိုပါက ဤနေရာ ကို နှိပ်ပါ။

ချွတ်ယွင်းနေသော ဒစ်ဂျစ်တယ်မီဒီယာ။ သင့်အကောင့်တွင် ‘ဒစ်ဂျစ်တယ်မီဒီယာ’ ကို ရရှိသောအခါ ထို ‘ဒစ်ဂျစ်တယ်မီဒီယာ’ သည် ဖော်ပြထားသည့်အတိုင်း လုပ်ဆောင်မှုရှိမရှိကို အမြန်ဆုံးစစ်ဆေးပြီး မှားယွင်းမှုများ၊ ချွတ်ယွင်းမှုများကို ကျွန်ုပ်တို့ (သို့) ‘ဝန်ဆောင်မှုပေးသူ’ အား အမြန်ဆုံး အကြောင်းကြားပါ။ နောက်ထပ်အချက်အလက်များအတွက် Google Play ပြန်အမ်းငွေဆိုင်ရာ မူဝါဒ ကို ကြည့်ပါ။

ဒစ်ဂျစ်တယ်မီဒီယာကို ဖယ်ရှားခြင်း (သို့) မရရှိနိုင်ခြင်း။ ‘စည်းမျဉ်းများ’ အရ ငှားရမ်းထားသည့် အချိန်ကာလအတွက် ဝယ်ယူမှုဆိုင်ရာ ကိစ္စနှင့် အခြားကိစ္စများတွင် Google က ၎င်း ‘ဒစ်ဂျစ်တယ်မီဒီယာ’ ကို သင့်အား ပေးသုံးခွင့်ရှိနေသရွေ့ သင်ရွေးချယ်ထားသည့် အချိန်ကာလတစ်ခုအတွက် သင်ဝယ်ယူထားသော (သို့) ထည့်သွင်းထားသော ‘ဒစ်ဂျစ်တယ်မီဒီယာ’ ကို Google Play မှတစ်ဆင့် ရရှိနိုင်ပါမည်။ အချို့ကိစ္စများတွင် (ဥပမာ Google သည် သက်ဆိုင်ရာမူပိုင်ခွင့် မရှိတော့သည့်အခါဖြစ်စေ၊ ဝန်ဆောင်မှု (သို့) ‘ဒစ်ဂျစ်တယ်မီဒီယာ’ ကို ရပ်ဆိုင်းလိုက်သည့်အခါဖြစ်စေ၊ ကြီးမားသည့် လုံခြုံရေးပြဿနာများ ကြုံတွေ့ရသည့်အခါ သို့မဟုတ် သက်ဆိုင်ရာစည်းမျဉ်းများ၊ ဥပဒေချိုးဖောက်မှုများ ရှိသည့်အခါဖြစ်စေ) Google သည် သင်ဝယ်ယူထားသည့် ‘ဒစ်ဂျစ်တယ်မီဒီယာ’ ကို သင့် ‘စက်ပစ္စည်း’ မှနေ၍ ဖယ်ရှားနိုင်၊ အသုံးပြုခွင့်ကို ရပ်ဆိုင်းလိုက်နိုင်သည်။ Google Digital Inc. က ရောင်းချသည့် ‘ဒစ်ဂျစ်တယ်မီဒီယာ’ အတွက် ဖြစ်နိုင်လျှင် ထိုကဲ့သို့သော ဖယ်ရှားခြင်း၊ ရပ်ဆိုင်းခြင်းတို့အတွက် သင့်အား ကြိုတင်အသိပေးသွားမည်။ ထိုကဲ့သို့သော ဖယ်ရှားမှု၊ ရပ်ဆိုင်းမှုများ မပြုမီ ‘ဒစ်ဂျစ်တယ်မီဒီယာ’ မိတ္တူကို ဒေါင်းလုဒ်လုပ်၍ မရခဲ့လျှင် Google သည် (က) ဖြစ်နိုင်လျှင် ‘ဒစ်ဂျစ်တယ်မီဒီယာ’ ကို အစားထိုးပေးခြင်းဖြစ်စေ (ခ) ‘ဒစ်ဂျစ်တယ်မီဒီယာ’ အတွက် ငွေအပြည့် (သို့) ငွေတစ်ချို့ပြန်အမ်းခြင်းဖြစ်စေ ပြုလုပ်ပေးနိုင်သည်။ Google သည် သင့်အား ငွေပြန်အမ်းပေးပါက ၎င်းသည်သာလျှင် ဖြေရှင်းမှု ဖြစ်ပါမည်။

အကောင့်များစွာ အသုံးပြုခြင်း။ သင့်တွင် မတူညီသည့် အသုံးပြုသူအမည်များဖြင့် Google Account များစွာရှိကာ အကောင့်တစ်ခုမှနေ၍ အခြားအကောင့်တစ်ခုသို့ ‘ဒစ်ဂျစ်တယ်မီဒီယာ’ ကို လွှဲပြောင်းလိုသောအခါ အဆိုပါအကောင့်တစ်ခုစီကို သင်ပိုင်ဆိုင်ကြောင်း ဖော်ပြနိုင်ပြီး Google ကလည်း ထိုကဲ့သို့လွှဲပြောင်းမှုများအတွက် သက်ဆိုင်ရာဝန်ဆောင်မှုမျိုး ပေးထားသည့်အခါမျိုးတွင် လွှဲပြောင်းနိုင်ပါမည်။

‘စက်ပစ္စည်းများ’ ရှိ သုံးခွင့်အကန့်အသတ်များ။ Google သည် ‘ဒစ်ဂျစ်တယ်မီဒီယာ’ ကို ဖွင့်ကြည့်ရန် သင်သုံးနိုင်သည့် ‘စက်ပစ္စည်းများ’ (သို့) ဆော့ဖ်ဝဲအပလီကေးရှင်းများ၏ အရေအတွက်ကို အခါအားလျော်စွာ ကန့်သတ်နိုင်သည်။ Google Play ရုပ်ရှင်နှင့် TV/Google TV အတွက် အဆိုပါအကန့်အသတ်များအကြောင်း ပိုမိုသိရှိရန် Google Play ရုပ်ရှင်နှင့် TV/Google TV အသုံးပြုမှုစည်းမျဉ်းများ တွင် ဝင်ကြည့်ပါ။

အန္တရာယ်ရှိသည့် လုပ်ဆောင်ချက်များ။ အနုမြူစက်ရုံများ၊ အသက်ကယ်စနစ်များ၊ အရေးပေါ် ဆက်သွယ်မှုများ၊ လေယာဉ်ထိန်းချုပ်မှု (သို့) ဆက်သွယ်ရေးစနစ်များ၊ လေကြောင်းအသွားအလာ ထိန်းချုပ်မှုစနစ်များအတွက် သို့မဟုတ် ‘ဝန်ဆောင်မှုများ’၊ ‘ဒစ်ဂျစ်တယ်မီဒီယာများ’ ၏ ချွတ်ယွင်းချက်သည် သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှု၊ ရုပ်ပိုင်း/ပတ်ဝန်းကျင်ဆိုင်ရာ ကြီးမားသည့် ပျက်စီးမှုများ ဖြစ်စေနိုင်သည့် အလားတူလုပ်ဆောင်ချက်များအတွက် မည်သည့် ‘ဝန်ဆောင်မှု’၊ ‘ဒစ်ဂျစ်တယ်မီဒီယာ’ ကိုမျှ အသုံးပြုရန် ရည်ရွယ်မထားပါ။

Google Play ရုပ်ရှင်နှင့် TV/Google TV။ Google Play ရုပ်ရှင်နှင့် TV/Google TV အသုံးပြုမှုနှင့် ပတ်သက်၍ နောက်ထပ်အသေးစိတ်နှင့် ကန့်သတ်ချက်များအတွက် Google Play ရုပ်ရှင်နှင့် TV/Google TV အသုံးပြုမှုစည်းမျဉ်းများ  ကို ကြည့်ပါ။